Monday 7 September 2015

ရွှေ့ပြောင်းဒုက္ခသည်များကို ယူရိုငွေ ဘီလီယံနှင့်ချီ ဝေငှထောက်ပံ့ပေးသွားရန် ဂျာမနီစီစဉ်


ဂျာမနီ အစိုးရ အနေဖြင့် နိုင်ငံအတွင်း အခြေချခွင့်ပေးရန် လက်ခံထားသည့် ရွှေ့ပြောင်း ဒုက္ခသည်များကို အကူအညီပေးရန်အတွက် ယူရိုငွေ ဘီလီယံနှင့်ချီ ဝေငှပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
ဂျာမနီသည် ၎င်းတို့၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းများကို လျှော့ချပေးလိုက်ခြင်းကြောင့် အာဖရိကမှ ထွက်ပြေးလာသည့် ရွှေ့ပြောင်းဒုက္ခသည်များအတွက် အကျိုးကျေးဇူးများ ရရှိလာသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ဩစတြီးယားနှင့် ဟန်ဂေရီတို့ကို ဖြတ်သန်းကာ ဒုက္ခသည် ၁၈၀၀၀ ဝန်းကျင်မျှ ဂျာမနီသို့ ဆိုက်ရောက်လာခဲ့သည်။အဓိပတိ အန်ဂျလာ မာကယ်လ် ဦးဆောင်သည့် ဂျာမနီ အစိုးရ၏ လူဝင်မှုဆိုင်ရာ စံနှုန်းကန့်သတ်ချက်များ လျှော့ချလိုက်ခြင်းသည် ဂျာမနီ၏ နယ်နိမိတ်ကို အတားအဆီးမရှိ ဖွင့်လှစ်ရာ ရောက်နေပြီး မခန့်မှန်းနိုင်သည့် အန္တရာယ်များ ကြုံလာနိုင်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။


ယခုအခါ ဂျာမနီသည် မာကယ်လ် ဦးဆောင်သည့် ညွန့်ပေါင်း အစိုးရ အဖွဲ့အတွင်း အလေးအနက် ဆွေးနွေးမှုများ ပြုလုပ်ကာ ဒုက္ခသည်များကို ဝေငှထောက်ပံ့ရေး အပိုဆောင်း ရန်ပုံငွေများ အသုံးပြုရန် စီစဉ်နေကြောင်း သိရသည်။ ထို့အပြင် လတ်တလောတွင် ရွှေ့ပြောင်း ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အရှိန်မြှင့် လုပ်ဆောင်မည့် စီမံကိန်းများ၊ အသစ်ဝင်ရောက်လာမည့် ဒုက္ခသည်များကို လက်ခံမည့် အစီအစဉ်များ၊ ဒုက္ခသည်များအတွက် ဝေငှထောက်ပံ့ ပေးသွားမည့် ငွေကြေးများအတွက် ယူရိုငွေ ၃ ဘီလီယံမျှ လျာထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဂျာမနီ အစိုးရသည် ယခုနှစ်အတွင်း ရွှေ့ပြောင်းဒုက္ခသည် ၈၀၀၀၀ မျှထိ ဝင်ရောက်လာမည့် အခြေအနေကို ကြိုတင် မှန်းဆထားသည်။ ထို့အပြင် အခြားသော ဥရောပ နိုင်ငံများ အနေဖြင့်လည်း ရွှေ့ပြောင်းဒုက္ခသည် အကျပ်အတည်းကို ပိုမိုအားစိုက်ကာ ကူညီဖြေရှင်းကြရန် တိုက်တွန်းထားသည်။

မာကယ်လ် အနေဖြင့် ယခုအခါ ရွှေ့ပြောင်းဒုက္ခသည်များ၊ ၎င်းတို့ကို ထောက်ခံသူများ၏ သူရဲကောင်း ဖြစ်လာသော်လည်း အတိုက်အခံများနှင့် ကွန်ဆာဗေးတစ် မဟာမိတ်များကမူ ဟန်ဂေရီ နယ်ခြားတွင် ပိတ်မိနေသည့် ဒုက္ခသည်များကို ဂျာမနီသို့ ဝင်ရောက်ရန် ခွင့်ပြုပေးလိုက်သည့် မာကယ်လ်၏ ဆောင်ရွက်ချက်များသည် လုံးဝ မှားယွင်းနေကြောင်း ဝေဖန်ခဲ့သည်။

ဂျာမနီ ပြည်ထဲရေး ဝန်ကြီးဌာနကမူ ယခုလုပ်ဆောင်မှုသည် လူသားချင်း စာနာမှုကို ပြသခြင်းဖြစ်ပြီး မလိုလားအပ်သည့် အကျပ်အတည်း ဆိုက်ရောက်မှုမျိုးကို ရှောင်လွှဲနိုင်ရန် ရည်ရွယ်ခဲ့ကြောင်း ဖြေရှင်းခဲ့သည်။ လတ်တလောတွင် ဂျာမနီသို့ ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည်များကို နိုင်ငံအနှံ့ရှိ ရထားဘူတာများတွင် ပြုံးပြုံးရွှင်ရွှင် ကြိုဆို လက်ခံမှုများ ရှိနေသည်။

စက်တင်ဘာ ၆ ရက်ကမူ ဂျာမနီနှင့် ဩစတြီးယားရှိ လူ့အခွင့်အရေး လှုပ်ရှားသူများက ဟန်ဂေရီ နယ်စပ်သို့ မော်တော်ကားများဖြင့် သွားရောက်ပြီး ဒုက္ခသည်များကို အစားအသောက်များ ဝေငှခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရွှေ့ပြောင်း ဒုက္ခသည်များသည် ဆာဘီးယား၊ ဂရိ၊ မက်စီဒိုးနီးယားတို့နှင့် ဆက်စပ်နေသည့် ဘော်လ်ကန်စ် ဒေသကို ကျော်လွှားဝင်ရောက်ကာ ဟန်ဂေရီ တောင်ပိုင်း နယ်နိမိတ်သို့ ရောက်ရှိလာပြီး ထိုမှတစ်ဆင့် ဩစတြီးယားကို ဖြတ်သန်းကာ ဂျာမနီသို့ ဝင်ရောက်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

အဆိုပါ ဒုက္ခသည်များတွင် ပြည်တွင်းစစ် ဖြစ်ပွားရာ ဆီးရီးယားမှ အများဆုံး ပါဝင်ပြီး အာဖဂန်နစ္စတန်နှင့် အီရီထရီရာ နိုင်ငံသားများလည်း ပါရှိကြောင်း သတင်းများက ဖော်ပြသွားသည်။

_Ref: AP

No comments:

Post a Comment