Friday 4 September 2015

ဦးစိုးသိန်းနှင့် ဦးအောင်မင်း တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ခြင်းသည် ဥပဒေနှင့် ငြိစွန်းခြင်းမရှိဟု ကြံ့ခိုင်ရေးပါတီဆို


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သော နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှစ်ဦးသည် ပါတီမှ နုတ်ထွက်ခြင်းမရှိဘဲ ကယားပြည်နယ်အတွင်း တစ်သီးပုဂ္ဂလ ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားခြင်း သည် ဥပဒေနှင့် ငြိစွန်းခြင်း မရှိကြောင်း အဆိုပါ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးလှသိန်းဆွေက ဆိုသည်။
မူလ မိခင်ပါတီမှ နုတ်ထွက်ခြင်းမရှိဘဲ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများကို လိမ်လည်မှုဖြင့် ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောဆိုချက်ကို ၎င်းက ယင်းသို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေများတွင် မဲဆန္ဒနယ်တစ်ခုတွင် ပါတီတစ်ခုအတွင်းမှ ကိုယ်စားလှယ်လောင်းနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ကန့်သတ်ထားခြင်း မရှိသည့်အပြင် ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့သည် ၎င်းတို့၏ သဘောဆန္ဒဖြင့် တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုလည်း သူတို့ကို ကိုယ်စားလှယ်လောင်းအဖြစ် စိစစ်ပြီးသွားပါပြီ၊ ပါတီကနေပြီး နုတ်ထွက်ခြင်း မရှိပေမယ့် သူတို့သဘောနဲ့သူတို့ တစ်သီးပုဂ္ဂလ ယှဉ်မယ်ဆိုတာ လုပ်တာပါ၊ သူတို့ပြိုင်မယ့် နေရာတွေမှာလည်း ပါတီက ကိုယ်စားလှယ်လောင်းတွေ ရှိပြီးသားပါ” ဟု ၎င်းက ဆိုသည်။
ထို့အပြင် မိမိပါတီမှ နုတ်ထွက်ခြင်းမရှိဘဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပါက ရွေးကောက်ပွဲတွင် ယင်းပါတီ မဲပြန့်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုထားသည်။
“ကျွန်တော်တော့ ပေးလိုက်တယ်၊ ဘာလို့လဲ၊ အကျိုးဆက်က သူတို့ပဲ ခံရတာ၊ သူ့ပါတီထဲမှာ အရွေးခံချင်တာ မရဘူး၊ မရရင် ကျုပ်ဟာကျုပ် တစ်သီးပုဂ္ဂလပြိုင်မယ် ဆိုတာမျိုး လုပ်တယ်၊ ဒါဆိုရင် သူ့ပါတီပဲ မဲပြန့်သွားမှာပဲလေ” ဟု ၎င်းက ဆိုသည်။
ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ဖြစ်သော်လည်း ကယားပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အဖြစ် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
the voice weekly

No comments:

Post a Comment