Friday 4 September 2015

ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီ ၁၀ ဦးအနက် နှစ်ဦးကို ထောင် ၂ နှစ်ချ


ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများမှ ထွက်ပြေးတိမ်းရှောင်ကာ ရန်ကုန်မြို့ထဲ ဝင်ရောက်လာသော ဘင်္ဂါလီ ၁၀ ဦးအနက် အမျိုးသမီးတစ်ဦး အပါအဝင် နှစ်ဦးကို စက်တင်ဘာလ ၁ ရက်နေ့က ၁၉၄၉ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပေဒ ပုဒ်မ ၆ (၂)/ ၆ (၃) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း မှော်ဘီမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။
“ဖမ်းမိထားတဲ့ ၁၀ ယောက်မှာ ရှစ်ယောက်က အသက်မပြည့်သေးလို့ ရုံးတင်မစစ်ရသေးဘူး။ အခုအမိန့်ချခဲ့သူ အသက် ၂၂ နှစ် အရွယ်ရှိ အီဒီရစ်နဲ့ အမျိုးသမီးတစ်ယောက်ကို လဝက တာဝန်ရှိသူတွေက အမှုဖွင့်တိုင်ကြားခဲ့ပြီး ပြစ်မှုထင်ရှားလို့ ထောင်ချခဲ့တာ။ သူတို့ကို နောက်ထပ် စွဲဆိုထားတဲ့ အမှုတွေလည်း ရှိသေးတယ်” ဟု ယင်းတရားရုံးမှ ဝန်ထမ်းအမျိုးသမီး တစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၂၂ ရက် ည ၁၁ နာရီက မှော်ဘီမြို့နယ် အမှတ် (၄) လမ်းဆုံရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ပရိုဘောက်ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သက္ကယ်ပြင်နှင့် သဲချောင်းကယ်ဆယ်ရေး စခန်းတို့မှ ရန်ကုန်မြို့အတွင်း ခိုးဝင်လာသည့် ဘင်္ဂါလီလူမျိုး အမျိုးသမီးငါးဦး အပါအဝင် ၁၀ ဦးကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ဖမ်းမိထားတဲ့ ၁၀ ယောက်ထဲက အသက်မပြည့်သေးတဲ့ ရှစ်ဦးကို မှော်ဘီဆေးရုံမှာ အသက်အထောက်အထားအတွက် စစ်ဆေးနေတယ်။ ၁၁ နှစ်အရွယ် တစ်ယောက်ပါပြီး ကျန်ခုနစ်ယောက်က ၁၆ နှစ်နဲ့ ၁၈ နှစ်ကြားမှာ ရှိတာကို စစ်ဆေးတွေ့ရလို့ အသက်အပိုင်းအခြား တိကျစွာ သိရအောင် ဓာတ်မှန်ရိုက် စစ်ဆေးနေတယ်။ အသက်မပြည့်သူတွေလို့ သိရပြီဆိုရင် သူတို့ကို လူငယ်သင်တန်းကျောင်း ပို့အပ်ဖို့ အထက်အရာရှိတွေဆီ တင်ပြပေးသွားမယ်” ဟု မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖမ်းမိသည့် ဘင်္ဂါလီလူမျိုးများကို စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေးစခန်း နှစ်ခုမှ ကြယ်တံဆိပ်ပါ စစ်ရောင် (FAW) မော်တော်ယာဉ်ဖြင့် တင်ဆောင်ကာ ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း အမ်းမြို့သို့ ဖြတ်သန်းပြီး ပန်းတောင်းမြို့အထိ သယ်ဆောင်လာခဲ့ကြောင်း၊ ယင်းနောက် FAW ယာဉ်ပေါ်ပါ ဘင်္ဂါလီများအနက် ၁၉ ဦးကို မော်တော်ယာဉ်သုံးစီးဖြင့် ရန်ကုန်မြို့ သယ်ဆောင်လာစဉ် ဘင်္ဂါလီ ၁၀ ဦးပါ ပရိုဘောက်ယာဉ်ကို မှော်ဘီမြို့တွင် ဖမ်းမိခဲ့ကြောင်း ဖမ်းဆီးခံရသည့် ပရိုဘောက်ယာဉ်မောင်း အမျိုးသား၏ ထွက်ဆိုချက်များအရ သိရှိရသည်။
“ဘင်္ဂါလီတွေကို မှော်ဘီမှာ မိတာ။ ရန်ကုန်မှာ မိပေမယ့် ရခိုင်ပြည်နယ်က မော်တော်ယာဉ်နဲ့ သယ်ဆောင်လာတာကြောင့် ဖြစ်စဉ်အသေးစိတ်ကို အတိအကျ သိရှိရအောင် စီအိုင်ဒီက ကိုင်တွယ်စစ်ဆေးနေတယ်။ ဖမ်းမိထားတဲ့ ယာဉ်မောင်းရဲ့ ထွက်ဆိုချက်ဟာ မှန်မမှန်ဆိုတာ အတည်မပြုနိုင်သေးဘူး။ ပြစ်မှုဖြစ်စဉ်က လွတ်မြောက်နေသူတွေ မမိသေးတာကြောင့်ပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းများမှ ဘင်္ဂါလီလူမျိုးများကို တစ်ဦးလျှင် ကျပ် ၁၂ သိန်းဖြင့် ရန်ကုန်မြို့အတွင်းသို့ ခိုးသွင်းမှုမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများကို ဖော်ထုတ်အရေးယူနိုင်ရန် ရန်ကုန်-စစ်တွေ ကားလမ်းရှိ မြို့ဝင်မြို့ထွက် ဂိတ်များနှင့် အမ်းမြို့ရှိ စစ်ဆေးရေးဂိတ်တို့ကို တာဝန်ရှိသူများက စုံစမ်းမေးမြန်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ရုံးထံမှ စုံစမ်းသိရှိရသည်။
သြဂုတ်လ ၂၆ ရက် ညနေပိုင်းက လွတ်မြောက်သွားသည့် ယာဉ်နှစ်စီးမှ မတ်တူးအမျိုးအစား အဖြူရောင် မော်တော်ယာဉ်တစ်စီးကို ထောက်ကြန့်ဈေးအနီးတွင် ထပ်မံဖမ်းမိခဲ့သော်လည်း ရဲတပ်ဖွဲ့မှ အလိုရှိနေသည့် လွတ်မြောက်နေသူများ မပါဝင်ကြောင်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

No comments:

Post a Comment