Saturday 19 September 2015

ပယ်လ်မိုင်ရာရှိ အိုင်အက်စ်တို့ကို ဆီးရီးယားလေတပ် အပြင်းအထန် တိုက်ခိုက်


စစ်သွေးကြွများ ထိန်းချုပ်ထားသည့် ပယ်လ်မိုင်ရာမြို့ကို အပြင်းထန်ဆုံး ဗုံးကြဲစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း သိရသည်။
ယခုသီတင်းပတ်အတွင်း လေတပ်၏ စစ်ဆင်ရေးတွင် အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်မျှ ပြုလုပ်ခဲ့ပြီး ၂၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗြိတိန် အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။ ယင်းသေဆုံးသူများတွင် စစ်သွေးကြွ ၁၂ ဦးလည်း ပါဝင်ကြောင်း ၎င်းအဖွဲ့၏ ဖော်ပြချက်တွင် ပါရှိသည်။

ပယ်လ်မိုင်ယာသည် ရှေးမြို့ဟောင်းတစ်ခုဖြစ်ပြီး ကုလသမဂ္ဂ၏ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ အိုင်အက်စ်တို့သည် ယခုနှစ်၊ မေလကတည်းက ပယ်လ်မိုင်ယာကို သိမ်းပိုက်ထားပြီးနောက် နှစ်ပေါင်း ၂၀၀၀ ကျော်မျှ သက်တမ်းရှိသည့် ဘုရားကျောင်းကြီးများကို ဗုံးခွဲ ဖျက်ဆီးပစ်ခဲ့သည်။

ဆီးရီးယား စစ်တပ်သည် ပယ်လ်မိုင်ရာကို ပြန်လည် သိမ်းပိုက်နိုင်ရန် ကာလရှည်ကြာ ကြိုးပမ်းနေသော်လည်း ယခုတစ်ကြိမ်သည် အပြင်းထန်ဆုံး လေကြောင်း စစ်ဆင်မှု ဖြစ်လာကြောင်း သိရသည်။ အစိုးရ လေတပ်သည် အိုင်အက်စ်တို့၏ မဟာမိတ်ဖြစ်သည့် ဂျီဟတ်ဝါဒီများ သိမ်းပိုက်ထားရာ အိုင်ဒစ်ဘ်မြို့ကိုလည်း ဗုံးကြဲခဲ့ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

ဆီးရီးယားသည် ရုရှားထံမှ လက်နက်ထောက်ပံ့မှုများ ရယူနိုင်ခဲ့ပြီး ယခုလေကြောင်း တိုက်ပွဲများတွင် ပစ်မှတ်ကို အလွန်တိကျစွာ ချေမှုန်းနိုင်သည့် လက်နက်ဆန်းများ အသုံးပြုခဲ့ကြောင်း စစ်ဘက် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ဆီးရီးယားအရေးတွင် ရုရှားပါဝင် စွက်ဖက်လာမှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် ရုရှား နိုင်ငံခြားရေး ဝန်ကြီးများသည် ယခုသီတင်းပတ်အတွင်း ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။ အမေရိကန်သည်လည်း ဆီးရီးယားရှိ အိုင်အက်စ် ပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်လျက်ရှိရာ ရုရှား၏ ပါဝင်ဆက်နွှယ်မှုကြောင့် အရှုပ်အထွေးများ ဖြစ်လာမည်ကို အမေရိကန်က စိုးရိမ်နေကြောင်း သိရှိရသည်။

_Ref: Reuters

No comments:

Post a Comment