Saturday 19 September 2015

မားစ်ကူးစက်မှုကြောင့် ဟာ့ဂ်ျဝတ်ပြု ခရီးသွား အရေအတွက် ကျဆင်းနိုင်ကြောင်း ဆော်ဒီအစိုးရ ကြေညာ


မားစ်ရောဂါပိုး ခြိမ်းခြောက်မှုကြောင့် ယခုနှစ် ဟာ့ဂ်ျဝတ်ပြုခရီးအတွက် လာရောက်သူ အရေအတွက် လျော့ပါးဖွယ်ရှိကြောင်း ဆော်ဒီအာရေဗျ အစိုးရက ကြေညာခဲ့သည်။
အစ္စလာမ် ဘာသာရေးအရ ဟာ့ဂ်ျကာလတွင် ဆော်ဒီနိုင်ငံရှိ မက္ကာမြို့သို့ ဝတ်ပြုခရီး သွားရောက်ခြင်းသည် အမြင့်ဆုံး လုပ်ဆောင်မှု တစ်ခုဖြစ်ရာ နှစ်စဉ် ကမ္ဘာအရပ်ရပ်မှ မွတ်ဆလင် သန်းပေါင်းများစွာ ဟာ့ဂ်ျခရီးစဉ် လာရောက်လေ့ ရှိသည်။ သို့သော်လည်း ယခုနှစ်တွင်မူ ဆော်ဒီ၏ မားစ်ရောဂါ ပြဿနာက ဟာ့ဂ်ျခရီးသွား အရေအတွက်ကို လျော့ပါးသွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ခါလက်ဒ် အယ်လ် ဖာလီဟ်က စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။


အရှေ့အလယ်ပိုင်း ဒေသ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို အတိုကောက် ခေါ်ဝေါ်သည့် မားစ်သည် သေပျောက်နှုန်း မြင့်မားသည့် ကူးစက်ရောဂါ တစ်မျိုးဖြစ်ပြီး ဆော်ဒီသည်လည်း ယင်းရောဂါ ခြိမ်းခြောက်မှုနှင့် အဓိက ကြုံနေသည့် နိုင်ငံတစ်ခု ဖြစ်သည်။

ဖာလီဟ်က ဩဂုတ် ၁၇ ရက်တွင် ရီယတ်ဒ်မြို့တော်၌ နောက်ထပ် မားစ်ရောဂါရှင် နှစ်ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုခဲ့သော်လည်း ပြီးခဲ့သည့်လကနှင့် ယှဉ်လျှင် ကူးစက်သူ အရေအတွက် လျော့ကျလာကြောင်း ပြောကြားခဲ့သည်။ မက္ကာနှင့် အနီးတဝိုက်တွင် ဆေးရုံများ၊ ကျန်းမာရေးစင်တာများမှ ဝန်ထမ်းများသည် နှာခေါင်းစည်း၊ ပါးစပ်စည်းများကို စတင်အသုံးပြုနေပြီ ဖြစ်သည်။ ထို့အပြင် မက္ကာ၌ ဟာ့ဂ်ျကာလ လုံခြုံရေးအတွက် တာဝန်ချထားသည့် ရဲနှင့် စစ်တပ်များသည်လည်း ကျန်းမာရေးအရ အကာအကွယ် သတ်မှတ်ချက်များကို လိုက်နာနေကြောင်း သိရသည်။

ဝန်ကြီးက “ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် ကျန်းမာရေး ဝန်ကြီးဌာန အနေနဲ့ ဝတ်ပြုခရီးသွားတွေအပေါ် ရောဂါကူးစက်မှုကို လျှော့ချနိုင်ဖို့ မျှော်လင့်ထားပါတယ်”ဟု ဆိုသည်။ ဟာ့ဂ်ျကာလ အကြိုတွင် ဆော်ဒီသို့ ဝတ်ပြုခရီးသွား ၁.၂ သန်းမျှ ကြိုတင် ရောက်ရှိနေပြီ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပိုင်းများ အတွင်းကမူ ပုံမှန် ၃ သန်းမျှစီ လာရောက်လေ့ ရှိသည်။

ယခုနှစ်တွင်မူ မက္ကာရှိ နိုင်ငံတော် ဗလီတွင် ကရိန်းပြိုကျမှုကြီး ဖြစ်ပွားပြီးနောက် အာဏာပိုင်များက ဟာ့ဂ်ျခရီးသွား အရေအတွက်ကို ၂ နှစ်တာ ကာလအတွင်း အတိုင်းအတာ တစ်ခုထိ ကန့်သတ်ရန်လည်း စဉ်းစားနေကြောင်း သိရှိရသည်။

_Ref: Fox

No comments:

Post a Comment