Sunday 6 September 2015

လှိုင်သာယာတွင် အိမ်ပေါ်တက် အနုကြမ်းစီး

လှိုင်သာယာမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ စံပယ်လမ်းရှိ အိမ်တစ်လုံးတွင် အသက် ၂၂ အရွယ်ရှိ အမျိုးတစ်ဦးတည်း ရှိနေစဉ် အမျိုးသားတစ်ဦးက ဓားထောက်ကာ လက်ပြန်ကြိုးတုပ်ပြီး လက်ဝတ်ရွှေထည် ပစ္စည်းများကို အနုကြမ်းစီး လုယက်ခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။

စက်တင်ဘာလ ၂ ရက် နံနက် ၁ နာရီက အသက် ၂၂ နှစ် အရွယ်ရှိ မသက်ငုံဖူးမှာ နေအိမ်အိပ်ခန်းတွင်ရှိ နေစဉ် အသက် ၂၀ ခန့် အမျိုးသားတစ်ဦးက ဓားဖြင့်ထောက်ကာ လည်ပင်းညှစ်ပြီး ဝတ်ဆင်ထားသည့် ရွှေလက်စွပ်နှင့် နားကပ်ကို ချွတ်ယူခဲ့ကြောင်း၊ မသက်ငုံဖူးမှာ ပြန်လည်ရုန်းကန်ခုခံသဖြင့် လုယက်သူက လက်ပြန်ကြိုးတုပ်ပြီး တုတ်ဖြင့် ရိုက်နှက်ခဲ့ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းထံမှ သိရှိရသည်။
“အနုကြမ်းစီးခံရတဲ့အိမ်မှာ လင်မယား နှစ်ယောက်တည်း နေတာ။ ယောက်ျားက ညဘက်အလုပ်ဆင်းရတော့ အိမ်မှာ ကောင်မလေး တစ်ယောက်တည်း ကျန်ခဲ့တာ။ လုယက်ခံရတဲ့ညက ကောင်မလေးက နေမကောင်းလို့ နောက်ဖေးတံခါးဖွင့်ပြီး အပြင်ထွက် အန်နေတာ။ ပြီးတော့ အိပ်ခန်းထဲ ပြန်ဝင်လာချိန်မှာ လုယက်သူက ဓားကိုင်ရောက်နေပြီး အော်ရင်သတ်ပစ်မယ် ခြိမ်းခြောက်တာ။ ပစ္စည်းတွေ လုယက်ပြီး လက်ပြန်ကြိုး တုပ်ထားခဲ့တာ။ ကောင်မလေးက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းတော့ ရပ်ကွက်ထဲက လူတွေက လမ်းတွေပိတ်ဆို့ပြီး လုယက်မှု ကျူးလွန်သူကို လိုက်ရှာပေမယ့် လွတ်သွားတယ်” ဟု အမှတ် (၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ လုယက်ကာ ရိုက်နှက်ခံရသောကြောင့် မသက်ငုံဖူး၏ မျက်နှာနှင့် ကိုယ်ခန္ဓာတို့တွင် ဖူးရောင်ညိုမည်းဒဏ်ရာများ ရရှိခဲ့သဖြင့် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း၊ လုယက်မှု ကျူးလွန်ခဲ့သော အသက် ၂၀ အရွယ် အမျိုးသားကို ဖော်ထုတ်အရေးယူနိုင်ရန် (ပ) ၅၉၃/၁၅၊ ပုဒ်မ ၄၅၂/ ၃၈၆/ ၃၄၇/ ၃၂၃ ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၃၁ ရက်အထိ ရှစ်လတာကာလ အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု အပါအဝင် အမှုကြီး ၂၇၀ ဖြစ်ပွားခဲ့ပြီး လုယက်မှု ၄၅ မှုအထိ ဖြစ်ပွားခဲ့ရာ ယင်းအမှုများထဲမှ ကျူးလွန်သူအချို့ လွတ်မြောက်လျက်ရှိကြောင်း သက်ဆိုင်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment