Monday 17 August 2015

မြောက်ကိုရီးယား ခြိမ်းခြောက်နေသည့်တိုင် အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှု စတင်

မြောက်ကိုရီးယားထံမှ ခြိမ်းခြောက် ကန့်ကွက်မှုများ ရှိနေသည့်တိုင် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ပူးပေါင်းပြီး ကြီးမားသည့် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ရပ်ကို ဩဂုတ် ၁၇ ရက်တွင် အစပြုခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မြောက်ကိုရီးယားတပ်များ၏ ကျူးကျော်မှုကို ခံရချိန်တွင် မည်သို့ ပူးပေါင်း တုံ့ပြန်ရမည် ဆိုသည်ကို အဓိက ဦးတည်ပြင်ဆင်ထားပြီး ထောင်ပေါင်းများစွာသော နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များ ပူးပေါင်း ပါဝင်ခဲ့ကြသည်။ မြောက်ကိုရီးယားက အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် မိမိတို့အပေါ် စစ်ကြေညာခြင်းဟု ယူဆကြောင်း သတိပေး ခြိမ်းခြောက်ထားသည်။
နှစ်စဉ် ကျင်းပမြဲဖြစ်သည့် အူလ်ချီ လွတ်လပ်ရေး စစ်ရေးလေ့ကျင့်မှု အစီအစဉ်သည် ဩဂုတ် ၂၈ ရက်ထိ ကြာမြင့်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားသည်။ ကွန်ပျူတာ စနစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချ စီစဉ်ထားသည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် တောင်ကိုရီးယားစစ်သည် ငါးသောင်းကျော်နှင့် အမေရိကန်စစ်သည် သုံးသောင်းဝန်းကျင် ပါဝင်ကြသည်။
နျူကလီးယား လက်နက်များ ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယား၏ ကျူးကျော်ရန်ပြုမှု ကြုံလာပါက တောင်ကိုရီးယားနှင့် အမေရိကန်တို့က မည်သို့မည်ပုံ ခုခံတုံ့ပြန်ရမည် ဆိုသည်ကို အထူးပြုပြီး ယခုလေ့ကျင့်မှုကို အကောင်အထည် ဖော်ခဲ့ခြင်းဟု တောင်ကိုရီးယား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက ဆိုသည်။
မြောက်ကိုရီးယားကမူ အူလ်ချီလွတ်လပ်ရေး စစ်ရေးလေ့ကျင့်မှုသည် မိမိတို့ကို အကြီးအကျယ် ရန်စမှုဟု ယူဆပြီး ယင်းကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နေပါက စစ်ရေးအရ ပြင်းထန်စွာ အရေးယူမှုမျိုး ကြုံလာလိမ့်မည်ဟု ခြိမ်းခြောက်ထားသည်။
နှစ်နိုင်ငံ နယ်နိမိတ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် တောင်ကိုရီးယား စစ်သည်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်အတွက် တောင်ကိုရီးယားက မြောက်ကိုရီးယားကို စွပ်စွဲ ပြစ်တင်ထားသည့်နောက် ကိုရီးယား ကျွန်းဆွယ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေစဉ် ယခုစစ်ရေးလေ့ကျင့်မှု အစီအစဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
_Ref: Yahoo

No comments:

Post a Comment