Monday 17 August 2015

ပျက်ကျခဲ့သည့် အင်ဒိုနီးရှား လေယာဉ်ပျက်မှဟု ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများ ရှာတွေ့

လူ ၅၄ ဦးကို တင်ဆောင်ပျံသန်းရင်း ပျက်ကျသွားသည့် အင်ဒိုနီးရှား ခရီးသည်တင် လေယာဉ်ထံမှဟု ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများကို ကယ်ဆယ်ရေး အဖွဲ့များက တွေ့ရှိခဲ့ကြောင်း သိရသည်။
Trigana လေကြောင်းသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်း၏ ATR42-300 အမျိုးအစား လေယာဉ်သည် အရွယ်ရောက်ပြီး ခရီးသည် ၄၄ ဦး၊ ကလေးငယ် ၅ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦးတို့ကို တင်ဆောင်ပျံသန်းရင်း ဩဂုတ် ၁၆ ရက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်သည် ပြည်တွင်း တာတိုခရီးစဉ် တစ်ခုအတွက် ပျံသန်းခြင်းဖြစ်ပြီး လိုက်ပါသွားသူ အားလုံးသည် အင်ဒိုနီးရှား နိုင်ငံသားများဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။
ဩဂုတ် ၁၇ ရက်၊ နံနက်ပိုင်းတွင်မူ ရှာဖွေရေးအဖွဲ့၏ လေယာဉ်တစ်စီးက နိုင်ငံအရှေ့ပိုင်း ပါပူအာ ဒေသရှိ ဝေးလံသီခေါင်သော တောင်စောင်းတစ်နေရာတွင် လေယာဉ်ပျက်မှဟု ယူဆရသော အစိတ်အပိုင်းများကို ရှာဖွေ တွေ့ရှိခဲ့သည်။ သို့သော်လည်း ခြေလျင် ကယ်ဆယ်ရေး တပ်ဖွဲ့များမှာမူ အဆိုပါ နေရာသို့ မရောက်ရှိသေးကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးနှင့် ရှာဖွေရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရေမွန် ကွန်စတန်တင်က ပြောကြားခဲ့သည်။
အနီးရှိ ကျေးရွာတစ်ခုမှ ဒေသခံများက လေယာဉ်သည် တောင်တစ်လုံးထံ ထိုးဆင်း ပျက်ကျသွားသည်ကို တွေ့မြင်လိုက်ရသည်ဟု သတင်းပေးပို့ထားကြောင်းလည်း ကယ်ဆယ်ရေး တာဝန်ခံ တစ်ဦးက ဆိုသည်။
ယခုဖြစ်ရပ်သည် အင်ဒိုနီးရှားအတွက် ရှစ်လအတွင်း တတိယမြောက် ကြုံရသည့် လေယာဉ် မတော်တဆမှုလည်း ဖြစ်လာသည်။ လေယာဉ်ပျက် အစိတ်အပိုင်းများ တွေ့ရှိသည်ဟု ယူဆရသည့် နေရာသည် တောတောင်ထူထပ်ပြီး ကယ်ဆယ်ရေး လေယာဉ်များ ဆင်းသက်ရေးမှာ စိန်ခေါ်မှု ကြီးလွန်းကြောင်း စစ်တပ်မှ ဗိုလ်မှူးကြီး မာဒီဆူဆီလာ အက်ဒ်ယာနာက ပြောကြားခဲ့သည်။ ယခုအခါ ခြေလျင်အဖွဲ့သည် အဆိုပါ အစိတ်အပိုင်းများ တွေ့ရှိသည့် နေရာနှင့် အနီးဆုံးဖြစ်သည့် အော့ဆီဘီလ်မြို့သို့ ဦးတည် သွားရောက်နေပြီဟုလည်း သိရသည်။
အဆိုပါ လေယာဉ်သည် ဩဂုတ် ၁၆ ရက် နေ့လယ်ပိုင်းက ပါပူအာရှိ လေကြောင်း ထိန်းသိမ်းရေး မျှော်စင်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ယင်းသည် ဂျာယာပူယာရှိ ဆန်တာနီ လေဆိပ်မှ ပျံတက်ပြီး အော့ဆီဘီလ်၌ ဆင်းသက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ လေယာဉ်သည် အဆက်အသွယ် မပြတ်တောက်မီ အရေးပေါ် အခြေအနေအတွက် အကူအညီ တောင်းခံမှု မရှိခဲ့ဟုလည်း သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဂျေအေ ဘာရာတာက ပြောကြားခဲ့သည်။
လေယာဉ်ပျက်ဟု ယူဆရသည့် အစိတ်အပိုင်းများ ရှာဖွေတွေ့ရှိရာ တောင်ထူထပ်သော ဒေသတွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နေပြီး လာမည့်ရက်ပိုင်းအတွင်း ရာသီဥတု ပိုမို ဆိုးရွားလာနိုင်ကြောင်းလည်း သိရှိရသည်။
_Ref: CNN

No comments:

Post a Comment