Tuesday 18 August 2015

ပြင်ပလောကမှ နှလုံးလှ Batman ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်

သိပ္ပံလူစွမ်းကောင်း Batmanသည် ၎င်း၏ စီးတော်ယာဉ် Batmobileနှင့် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး သေဆုံးသွားကြောင်း သိရသည်။ သို့သော်လည်း ယခုသေဆုံးသူသည် DC Comicsမှ စိတ်ကူးယဉ် ဇာတ်ကောင် ဘရုစ်ဝိန်း တစ်ဖြစ်လဲ Batman မဟုတ်ဘဲ လက်တွေ့လောက၌ နာမကျန်းဖြစ်နေသော ကလေးငယ်များ စိတ်ပျော်ရွှင်အောင် ကူညီပေးနေသည့် ပရဟိတသမား Batman ဖြစ်သည်။

မေရီလန်းမှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ အသက် ၅၁ နှစ်အရွယ် လီယိုနာ့ဒ် ရော်ဘင်ဆင်သည် Batmanကဲ့သို့ ဝတ်စားဆင်ယင်ကာ Batmobileအသွင် ပြင်ဆင်ထားသည့် ၎င်း၏ မော်တော်ကားကို စီးနင်းပြီး ကလေးဆေးရုံများသို့ သွားရောက်လေ့ ရှိသူ ဖြစ်သည်။ ကလေးသုံးဦး၏ ဖခင်ဖြစ်သူ ရော်ဘင်ဆင်သည် နှစ်ပေါင်း အတော်ကြာအတွင်း ကလေးဆေးရုံရှိ ဖျားနာနေသော ကလေးငယ်များကို ပျော်ရွှင်အောင် စွမ်းဆောင်ပေးခဲ့ရုံသာမကဘဲ ကျောင်းများနှင့် ရန်ပုံငွေပွဲများသို့ပါ ၎င်း၏ Batman ဝတ်စုံဖြင့် သွားရောက်လေ့ရှိသူ ဖြစ်သည်။

အထူးသဖြင့် ကင်ဆာကဲ့သို့ ရောဂါအပြင်းစားများကို ခံစားနေရသည့် ကလေးငယ်များသည် ၎င်းတို့၏ စိတ်ကူးယဉ် သူရဲကောင်း တစ်ဦးဖြစ်သည့် Batmanကို တွေ့ရှိရခြင်းအတွက် အလွန်ပျော်ရွှင်နေတတ်သည်။ ရော်ဘင်ဆင်သည် ကိုယ်ပိုင်ငွေကြေး ဒေါ်လာ ထောင်နှင့်သောင်းနှင့်ချီ စိုက်ထုတ်ကာ ကလေးများအတွက် အရုပ်ကလေးများ၊ ပုံပြင်စာအုပ်များကို လက်ဆောင်ပေးလေ့ရှိပြီး Batmanဟု လက်မှတ်ရေးထိုးပေးလေ့ ရှိသည်။

နှလုံးလှသည့် Batmanအဖြစ် လူသိများသည့် ရော်ဘင်ဆင်သည် ဩဂုတ် ၁၆ ရက် ညပိုင်းကမူ ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး သေဆုံးခဲ့ကြောင်း သိရသည်။ မေရီလင်း အနောက်ပိုင်း အဝေးပြေး လမ်းပေါ်တွင် ရော်ဘင်ဆင်၏ Batmobile အသွင် ဖန်တီးထားသော အနက်ရောင် Lamborghini မော်တော်ကားသည် စက်ချွတ်ယွင်းသဖြင့် ၎င်းက လမ်းပေါ်ဆင်း၍ စစ်ဆေးနေစဉ် Toyota Cmary မော်တော်ကား တစ်စီးက ဖြတ်တိုက်သွားခြင်း ဖြစ်သည်။ ရော်ဘင်ဆင်သည် ထိုနေရာတွင်ပင် ပွဲချင်းပြီး ကွယ်လွန်ခဲ့သည်။

ရော်ဘင်ဆင်ကို ကားဖြင့် တိုက်ခဲ့သည့် Camry ယာဉ်မောင်းသည် ထိခိုက်မှု မရှိခဲ့ဟု ရဲများက ဆိုသည်။ ၎င်းသည် ယခင်က ယာဉ်တိုက်မှုဆိုင်ရာ ပြစ်မှုမှတ်တမ်း တစ်စုံတစ်ရာ မရှိကြောင်းလည်း သိရသည်။

“သူက တကယ့်ကို စစ်မှန်တဲ့ သူရဲကောင်း တစ်ယောက်ပါ။ Dark Knight (Batmanကို ရည်ညွှန်းသည့် စကားလုံး)ရဲ့ တောက်ပမှုတွေ ဆက်ပြီး တည်တံ့နေဖို့ မျှော်လင့်ပါတယ်”ဟု မောင့်ဂိုမာရီ ခရိုင် ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများသည် ယခင်က နံပါတ်ပြား မတပ်မှုအတွက် ရော်ဘင်ဆင်၏ Batmobileကို လိုက်လံဖမ်းဆီးခဲ့ဖူးသည်။

ရော်ဘင်ဆင်သည် သားအငယ်ဆုံး၏ စွဲလမ်း အားပေးမှုကို အခြေပြုပြီး Batman အနေဖြင့် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၀၁ ခုနှစ်တွင် အစပြုခဲ့သည်။ ၎င်းကို Route 29 Batman၊ Beltway Batman၊ Baltimore Batman အစရှိသည့် အမည်များဖြင့် လူအများက ခေါ်ဝေါ်လေ့ရှိသည်။

ရော်ဘင်ဆင်သည် သွေးနှင့်ဆိုင်သည့် ရှားပါးရောဂါ တစ်ခုကြောင့် သားဖြစ်သူ သေဆုံးခဲ့သည့် ဇနီးမောင်နှံနှစ်ဦး တည်ထောင်ထားသည့် Hope for Henry ဖောင်ဒေးရှင်းနှင့် အလွန်နီးကပ်စွာ လုပ်ကိုင်ပေးနေသူ ဖြစ်သည်။ အဆိုပါ ဖောင်ဒေးရှင်းသည် နာမကျန်း ဖြစ်နေသည့် ကလေးငယ်များ ပျော်ရွှင်စေရန်အတွက် ဆေးရုံများတွင် စူပါဟီးရိုး ဝတ်စုံနှင့် ပါတီပွဲများ ကျင်းပပေးလေ့ ရှိသည်။ “ကျွန်ုပ်တို့ရဲ့ စူပါဟီးရိုး ရော်ဘင်ဆင်ကတော့ ကွယ်လွန်သွားပါပြီ။ အရမ်း ဝမ်းနည်း ကြေကွဲမိပါတယ်”ဟု အဆိုပါ ဖောင်ဒေးရှင်းက Facebookပေါ်တွင် ရေးသားထားခဲ့သည်။

_Ref: NY Times

No comments:

Post a Comment