Saturday 1 August 2015

အပူပိုင်းဇုန်တွင် ရေဘေးကြုံရသူများ

အပူပိုင်း မိုးနည်းရပ်ဝန်းဒေသဟု ခေါ်ဆိုသော မကွေးတိုင်းအတွင်း ဇူလိုင် ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ (၀ါဆိုလပြည့်နေ့) အထိ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းခဲ့သည်။ ထိုမိုးများသည် မြန်မာနိုင်ငံ ဒေသအနှံ့နီးပါး ရွာသွန်းခဲ့ခြင်းလည်း ဖြစ်သည်။ မကွေးတိုင်းနှင့် ဧရိယာချင်း ဆက်စပ်လျှက်ရှိသော ချင်းပြည်နယ်တွင် မိုးရေချိန် ရှစ်လက်မ ကျော်သည်အထိ ရွာသွန်းခဲ့သည်။ ထိုသို့ရွာသွန်းခဲ့သော
မိုးရေများသည် ချင်းပြည်နယ် ၀ိတိုရိယ တောင်၌ အဖျားခံကာ မကွေးတိုင်း စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များအတွင်း ဖြတ်သန်းပြီး ဧရာဝတီမြစ်အတွင်း ပေါင်းဆုံသည့် မုန်းချောင်းအတွင်း စီးဝင်ခဲ့သည်။ ထိုရေများကြောင့် မကွေးတိုင်းအတွင်း မုန်းချောင်း အထက်ဖျားပိုင်း၌ တည်ဆောက်ထားသော မုန်းတမံ၏ ရေသိုလှောင်နိုင်အားထက် ကျော်လွန်ကာ ရေပိုရေလွှဲမှတစ်ဆင့် ဇူလိုင် ၂၈ ရက်နေ့မှစပြီး ရေများလျှံကျခဲ့သည်။ ထိုရေများ သီးနှံစိုက်ခင်းများအတွင်း ၀င်ရောက်မှုနှင့် လူနေအိမ်များအတွင်း ၀င်ရောက်မှုကြောင့် စေတုတ္တရာမြို့နှင့် ပွင့်ဖြူမြို့အပါအ၀င် ယင်းမြို့နယ် များအတွင်းရှိ ကျေးရွာပေါင်း ၃၀၀ ကျော်ခန့်မှ သီးနှံစိုက်ခင်း ဧကထောင်နှင့်ချီ ပျက်စီးခဲ့ကာ သိန်းနှင့်ချီသော လူများနှင့် တိရိစ္ဆာန်များ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။
ထို့အတူ ရခိုင်ရိုးမ၏ အရှေ့ဖျားဆုံး တောင်စွယ်များ၌ အခြေတည် စီးဆင်းလာသော မန်းချောင်းပေါ်ရှိ မန်းချောင်း ရေလှောင်တမံမှရေများ ရေပိုရေလွှဲမှတ်ကျော်ကာ လျှံကျ ခဲ့သည်။ ထိုရေများကြောင့် ငဖဲနှင့် စကုမြို့အပါအ၀င် ယင်းမြို့နယ်များအတွင်း ကျေးရွာပေါင်း ၁၀၀ ခန့်မှ သီးနှံစိုက်ခင်းများ ဧကထောင်နှင့်ချီ ရေ၀င်နစ်မြုပ်ခဲ့သည်။ ထို့အပြင် ငဖဲမြို့နယ်နှင့် စကုမြို့နယ်အတွင်း လူနေ အိမ်များသို့ ရေ၀င်ရောက်မှုကြောင့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြရသည်။

(Photo - အောင်သူငြိမ်း)

Eleven Media

No comments:

Post a Comment