Wednesday 8 July 2015

တိုက်ပွဲများကြား ရတက်ပွေနေသော ပြည်သူများ

အာရှလမ်းမကြီးတွင် အစိုးရ တပ်မတော်နှင့် ဒီကေဘီအေတို့အကြား ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီးနောက် စစ်၏ဆိုးကျိုးကို ဒေသခံများ ရင်ဆိုင်နေရပြီဖြစ်သည်။ အာရှလမ်းမကြီးပေါ် လမ်းဖြတ်သန်းခငွေကြေးကောက်ခံသောနေရာတွင် ဇူလိုင် ၂ရက်က စတင်ခဲ့သည့် တိုက်ပွဲသည် တစ်ပတ်ခန့်အကြာတွင် ကော့ကရိတ်မြို့အနီးသို့ ရောက်လာခဲ့ပြီဖြစ်သည်။
ကော့ကရိတ်မြို့နယ်နှင့်တစ်မိုင်မှ သုံးမိုင်အတွင်းသာကွာဝေးတော့သည့် နေရာများတွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး အရပ်သား ထိခိုက်မှုများဖြစ်လာနေသည်။ နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရန်ညှိနှိုင်းပေးနေသည့် ကရင်တိုင်းရင်းသားခေါင်းဆောင်များက ဆွေးနွေးမှု အဆင်မပြေသဖြင့် တိုက်ပွဲကာလကြာရှည်သွားနိုင်သည်ဟု ညည်းတွားနေကြသည်။
ဇူလိုင် ၃ ရက်က အစိုးရတပ်မတော်နှင့် ဒီကေဘီအေတို့ အာရှလမ်းမကြီးပေါ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကြားညပ်သွားသည့် အရပ်သားနှစ်ဦး သေနတ်ဒဏ်ရာရခဲ့သည်။ ဇူလိုင် ၆ ရက် တွင် ကော့ကရိတ်မြို့နယ် ဇော်ဟဲရွာ ဒေသခံနှစ်ဦး သေနတ်ကျည် ထိမှန်ခဲ့သည့်အပြင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနောက်ဘက်သို့ လက်နက်ကြီးကျခဲ့သည် ဟု ၀န်ထမ်းများနှင့် ဒေသခံများက ပြောသည်။

‘‘ကော့ကရိတ်က ခရိုင်ထွေအုပ်ရုံးနောက်ကို လက်နက်ကြီးကျတယ်။ ရှေ့ဆက်ဘယ်လိုလုပ်မ လဲ။ အခုကျောင်းတွေလည်း ပိတ် ရမလိုဖြစ်နေပြီ။ မိဘတွေက ကလေးတွေကို ကျောင်းမလွှတ်ရဲ တော့ဘူး။ ဒီနေ့ဆို တက်နေရင်း တိုက်ပွဲသံတွေ ကြားရလို့ ပြန်လာခေါ်နေကြပြီ’’ဟု ကော့ကရိတ်မြို့နယ်မှ အထက်တန်းပြကျောင်းဆ ရာတစ်ဦးက ပြောသည်။

လုံခြုံရေးအခြေအနေစိုးရိမ်နေကြသည့် ကော့ကရိတ်မြို့နယ်မှ ဌာနဆိုင်ရာ ၀န်ထမ်းများက ၎င်းတို့အနေဖြင့် ဘားအံမြို့တွင် လာရောက် တိမ်းရှောင်လိုသည်ဟု ကရင်ပြည်နယ် အစိုးရရုံးထံ ခွင့်တောင်းခဲ့ကြသည်။ သို့သော် ၀န်ကြီးချုပ်၏ ခွင့်ပြုချက်မရသောကြောင့် ပြန်မလာရဲကြသော်လည်း ၀န်ထမ်းများမှာ ၎င်းတို့၏ လုံခြုံရေး အတွက် စိုးရိမ်နေကြသည်။

‘‘အိမ်ကို ဖုန်းဆက်အကြောင်းကြားတယ်။ လက်နက်ကြီးရဲ့အသံတွေနဲ့ စက်သေနတ်သံတွေ ကြားနေရတာ မနေရဲတော့ဘူးတဲ့။ လူကြီးတွေအနေနဲ့တော့ ကိုယ့်ဝန်ထမ်းငယ်တွေအတွက် လုံခြုံရေးပိုင်းစိတ်ချရအောင် အားပေးထားဖို့ လိုနေပါတယ်’’ဟု ကော့ကရိတ် မြို့နယ်တွင် အစိုးရ၀န်ထမ်းတာဝန် ထမ်းဆောင်နေသည့် သမီးဖြစ်သူ နှင့် ဖုန်းအဆက်အသွယ်ရှိသူ ဘားအံမြို့ခံတစ်ဦးက ပြောသည်။

အစိုးရကျောင်းများတရားဝင် ပိတ်လိုက်ခြင်းမရှိသေးသော်လည်း သားသမီးများ၏ လုံခြုံရေးစိုးရိမ်သည့် မိဘများက ၎င်းတို့၏ သားသမီးများကို လာရောက်ခေါ်ဆောင်ကြသောကြောင့် ကျောင်းအချို့နေ့ တစ်ဝက်နှင့် ပိတ်လိုက်ရသည်။

ကုန်သွယ်ရေးအဓိကအသုံး ပြုသည့် မြ၀တီ-ကော့ကရိတ် ဆက်သွယ်သော အာရှလမ်းမကြီးအပြင် ဒေါနတောင်ပတ်ကားလမ်းပါ လုံခြုံရေးအာမခံချက်မရှိတော့သောကြောင့် ယင်းလမ်းပိုင်းတွင် နှစ်၃၀ခန့် ယာဉ်မောင်းအတွေ့အကြုံရှိသူများပင် ဖြတ်သန်းရန်အ တွက် မ၀ံ့မရဲဖြစ်နေကြသည်ဟု ဆိုသည်။

‘‘တောင်ခြေကနေပြောတယ်။ တက်လို့ရပြီတဲ့။ ကားတွေအကုန်တက်တော့ လမ်းခုလတ်မှာ ပြန်လှည့်ခိုင်းတယ်။ ရှေ့တိုးရင်လည်း မရပြန်ဘူး။ တိုက်ပွဲက ဖြစ်နေတာ။ ဒီပုံနဲ့ ဘယ်လိုလုပ်စားကြမလဲ’’ဟု ခရီးသည်တင်ယာဉ်မောင်း မြ၀တီမြို့ခံ ကိုထွေးဦးက ပြောသည်။

တိုက်ပွဲကြောင့် အာရှလမ်းမကြီး ပိတ်ဆို့ထားသည့် အခြေအနေတွင် ခရီးသည်နှင့် ကုန်တင်ယာဉ်မောင်းများက ဇူလိုင် ၂ ရက်မှစကာ ယခင်လမ်းဟောင်းမှ ပတ်၍ မောင်းနှင်ကြသည်။ ဇူလိုင် ၄ ရက်တွင် ဒီကေဘီအေဘက်က လမ်းဟောင်းကို လုံခြုံရေးစိတ်မချရ၍ မလာကြရန် တားမြစ်ခဲ့သည်။ သို့သော် ဇူလိုင် ၅ ရက်အရောက်၌ အစိုးရတပ်မတော်နှင့် ဒီကေဘီအေကြား အပစ်ရပ်ရန် ညှိနှိုင်းပေးခဲ့သည့် ဒေသတွင်း တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်အချို့၏ အာမခံချက်ဖြင့် ဒေါနတောင်ပတ်ကားလမ်းကို ဖြတ်သန်းကြသည့် ရာနှင့်ချီသော ယာဉ်များတောင်ပေါ်တွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် လာရာလမ်းအတိုင်း ပြန်ဆင်းလာခဲ့ရသည်။

‘‘မနှစ်က တိုက်ပွဲမှာ ဒီတောင်ပေါ်မှာပဲ ကားကို လက်နက်ကြီးထိလို့ ခရီးသည်ငါးယောက်သေရတယ်။ ဘာတွေဆက်လုပ်ရမလဲ။ တိုက်ပွဲက မရပ်သေးဘူးလား။ ကျွန်တော်တို့လို အရပ်သားတွေက ဘယ်လို စီးပွားရှာမလဲ’’ဟု ကိုထွေးဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစိုးရတပ်မတော်နှင့် ဒီကေဘီအေတို့ ဒေါနတောင်ပတ်လမ်းပေါ်ဖြစ်ပွားသော တိုက်ပွဲတွင် ယင်းလမ်းပိုင်းတစ်နေရာဖြစ်သည့် အလယ်ဗိုလ်တဲဂိတ်၌ ရပ်ထားသည့် ခရီးသည်တင်ကားပေါ်လက်နက်ကြီးကျကာ ခရီးသည်ငါးဦး သေဆုံးခဲ့ရဖူးသည်။ တိုက်ပွဲမဖြစ်ခင်က ဘားအံ-ကော့ကရိတ်-မြ၀တီလမ်းကို ယာဉ်စီးရေ နေ့စဉ်၁,၇၀၀ မှ ၁,၈၀၀ ကြား ဖြတ်ပြီး ယခုရက်ပိုင်းတွင် ယာဉ်စီးရေ သုံးရာခန့်သာ သွားလာတော့သည်ဟု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဦးစီးဌာနရုံးမှ သတင်းရရှိသည်။

အာရှလမ်းမကြီးအသုံးပြုခွင့် မပေးသေးမီက ကျဉ်းမြောင်းသော တောင်ပေါ်ပတ်လမ်းကြောင့် အတက်၊ အဆင်းတစ်ရက်စီ သတ် မှတ်ထားသည့် အချိန်တွင် ရှေ့ကားတစ်စီး စက်ချို့ယွင်း(သို့မဟုတ်) တိမ်းမှောက်ပါက ယင်းကားနောက် မှ ရာနှင့်ချီသော ကားများက လမ်း ပိတ်ဆို့မှုကို နာရီနှင့်ချီ၍ စောင့်ဆိုင်းကြရသည်။ ကူညီပြင်ဆင်ပေးခြင်းဖြင့် ခရီးဆက်ကြသည်။ လမ်းသစ်မှာမူ နာရီဝက်ခန့်သာ မောင်းနှင်ရပြီး အချိန်ရော လူပင်ပန်းမှုပါ သက်သာခဲ့သည်။ အာရှလမ်းပြ ဿနာတက်ပြီးသည့်နောက်တွင်တော့ ယခင်က ပင်ပန်းခဲ့သော်လည်း လုံခြုံရေးအတွက် နောက် ကျောလုံခဲ့ရသည့် လမ်းဟောင်းအတွေ့အကြုံကိုသာ ပြန်လွမ်းမိသည်ဟု ခရီးသည်တင်ယာဉ်မောင်း ဦးလေးမင်းက ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံ တောင်သူများအတွက်လည်း စားဝတ်နေရေးပြဿနာ စတင်ရိုက် ခတ်လာနေပြီဖြစ်သည်ဟု ဆိုကြ သည်။
‘‘ဒီကေဘီအေက တဖြည်းဖြည်းဆုတ်လာလို့ တပ်ဘက်က တောထဲဝင်နေရာယူတယ်။ အခု ဆို သေနတ်သံတွေ ကြားနေရ တယ်။ မြက်ရိတ်၊ မျှစ်ချိုးတောင် မသွားရဲတော့ဘူး။ ဒီလိုနဲ့ ရက်ရှည် လာရင် နေလို့မရတော့ဘူး’’ဟု အ လယ်ဗိုလ်တဲဂိတ်အနီးမှ တောင်သူတစ်ဦးက ပြောသည်။

စစ်၏ နောက်ဆက်တွဲဆိုးကျိုးမှာ ဒေသတွင်း နယ်ပယ်အသီးသီးတို့ ရိုက်ခတ်နေပြီး ထိုင်းနိုင်ငံ ကုန်စည်များအဓိက၀င်ရောက်ရာ ယင်းလမ်းပိုင်းပိတ်ဆို့လုနီးပါးဖြစ် နေသောကြောင့် ဒေသတွင်းကုန် ဈေးနှုန်းများ အနည်းငယ်တက်လာ နေပြီဟု ကော့ကရိတ်မြို့နယ် ဒေသခံများက ပြောသည်။

‘‘ဟိုးတုန်းက ကျွန်တော်တို့ဆီကို ရန်ကုန်ကနေ ကုန်တွေဝင်တာ။ အဲဒီတုန်းက တိုက်ပွဲဖြစ်လည်းကုန်တွေက ဒီကိုရောက်တယ်။ အခုက ထိုင်းကနေ၀င်တာ။ လမ်းပိတ်သွားတော့ ကျွန်တော်တို့ဆီက ဈေးတွေ အခုဆိုရင် ကုန်စည်တွေ ခြောက်ကပ်ကပ်ဖြစ်နေပြီ’’ဟု ကော့ကရိတ်မြို့ခံ ဦးလှမိုးက ပြောသည်။

တိုက်ပွဲကြောင့် ဆန်ဈေးနှုန်း အဓိက တက်နေပြီး ဆန်တစ်အိတ် လျှင် ၂,၀၀၀ ကျပ်မှ ၃,၀၀၀ ကျပ် အထိ ဈေးမြင့်တက်နေပြီဟု ဆို သည်။

တိုက်ပွဲအခြေအနေမှာ ပို၍ သာ ပြင်းထန်လာနေပြီး ကြားဝင် စေ့စပ်ပေးသည့် ဒေသတွင်းသြဇာကြီးသည့် ဆရာတော်များနှင့် တိုင်းရင်းသားခေါင်းဆောင်များကိုယ်တိုင် အဖြေရှာမရဖြစ်နေသည်ဟု ဆိုသည်။ ၎င်းတို့က လက်ရှိအခြေအနေ ညှိနှိုင်းမှုများအရ တပ်မတော်ဘက်မှ သဘောထားတင်းမာနေခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

‘‘ဘယ်လိုလဲဆိုတော့ တပ်ကို သံဃာတော်တို့က ညှိနှိုင်းတယ်။ တပ်က ဒါယကာတွေက အပြီးရှင်းဖို့ပါပဲဆိုတယ်။ လက်မခံသက်သက်ပါပဲ။ အစုအဖွဲ့ (ဒီကေဘီအေ) ဘက်က နေရာဖယ်ပေးဖို့ လုပ်ပေးမယ်။ မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံ တယ်။ အခုချိန်ထိ အဆင်မပြေကြသေးပါ။ တိုက်နေတုန်းပါပဲ။ ဒီကေ ဘီအေက ပြောလို့လွယ်ပါတယ်။ တပ်က ခက်ထန်နေတယ်။ ငြိမ်းချမ်းရေးကော်မတီကို ဆက်သွယ် မေးမြန်းလည်း မသိသလိုနေကြတယ်’’ဟု ဒေသတွင်း တပ်မတော် အရာရှိများနှင့် ကရင်တိုင်းရင်း သားခေါင်းဆောင်များ ညှိနှိုင်းမှု တွင် ဦးဆောင်ပါဝင်ခဲ့သည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ရန်ကုန်မြို့တွင် ပြုလုပ်နေသည့် ကရင်အမျိုးသားအကြိုညီလာခံကိုပင် ပြီးဆုံးသည်အထိ မတက်ရောက်နိုင်ဘဲ နှစ်ဖက်တိုက် ပွဲများရပ်တန့်ရန် သွားရောက် ညှိနှိုင်းခဲ့သည့် ကရင်လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဝင်၊ ကေအင်န်ယူ ဗိုလ်မှူးကြီး စောဘော့ဒိုကလည်း ဆွေးနွေးမှုများသည် အားရစရာမရှိဟု ဆိုသည်။

တိုက်ပွဲကြာရှည်လာပြီးနောက် ဒေသတွင်းအစိုးရတပ်မတော်နှင့်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပါ နီးစပ်မှုရှိ သည့် ဒေသခံတစ်ဦးကလည်း ‘‘ဒီ ကေဘီအေကို အကြောင်းပြပြီး ချေမှုန်းတဲ့ တိုက်ပွဲကြီးဖြစ်လာမှာကို စိုးရိမ်တယ်။ ဒေသအတွက်လည်း စိုးရိမ်တယ်။ နိုင်ငံအတွက် ပြောရင်လည်း ငြိမ်းချမ်းရေးအတွက် စိုးရိမ်တယ်ပေါ့။ အဲဒါကို စိုးရိမ်ပါတယ်’’ဟု ပြောသည်။

ကရင်အမျိုးသားစည်းလုံး ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ကရင်ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး အဘိုးစောစေးဝါးက လက်ရှိအစိုးရတပ်မတော်နှင့် ဒီကေဘီအေတိုက်ပွဲမှာ ဒီကေဘီ အေခေါင်းဆောင်ပိုင်း၏ ဆန္ဒမ ဟုတ်သောကြောင့် ဆွေးနွေးညှိ နှိုင်းခြင်းဖြင့် မကြာမီအချိန်တွင် ပြေလည်သွားနိုင်မည်ဟု မျှော်လင့် ကြောင်းပြောသည်။

တပ်မတော်ပိုင်းက အင်အား တိုးချဲ့မှုများ လုပ်ဆောင်နေပြီး ကော့ကရိတ်အခြေစိုက် စကခ(၁၂)လက်အောက်ခံတပ်ရင်းများအပြင် တပ်မ(၂၂) နှင့်(၄၄)လည်း လာရောက်အင်အားဖြည့်ထားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။ ထို့ကြောင့် တိုက်ပွဲကာလ ကြာရှည်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ကရင်တိုင်းရင်းသားခေါင်းဆောင် ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌဖဒိုမန်း အောင်ပြည်စိုးက မဟော်သဓာပြဇာတ်ထဲမှ သားလုသည့် မိခင်အရင်းနှင့်ဘီလူးမဇာတ်ဝင်ခန်း၌ ဘုရားလောင်းက သားရှင်ကို အဖြေရှာရန် နှစ်ဖက် လုခိုင်းသည်တွင် မိခင်အရင်းက သားနာကျင်မည်စိုးရိမ်၍ အလျှော့ပေး လက်လွှတ်လိုက်သည့်ဖြစ်စဉ်ကို ဥပမာပေးသည်။

‘‘တကယ်တမ်း ငြိမ်းချမ်းရေး အစစ်အမှန်လိုချင်ရင် အစိုးရတပ်မတော်လား၊ ဒီကေဘီအေလား ဘယ်သူဖြစ်ဖြစ် လျှော့ပေးတဲ့သူပဲ ငြိမ်းချမ်းရေးလိုချင်တယ်လို့ပဲ ဒီလိုပဲပြောချင်တယ်’’ဟု ဖဒိုမန်းအောင်ပြည်စိုးက ပြောသည်။
အောင်သစ်လွင်

No comments:

Post a Comment