Wednesday 3 June 2015

ဗုဒ္ဓဘာသာဝင် ဇနီးကို နည်းအမျိုးမျိုးဖြင့် ဘာသာပြောင်းစေသူအား ပြစ်ဒဏ်ချရာတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ

 မြန်မာ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းအတွက် ပြည်သူ  လွှတ်တော်၏
ပြင်ဆင်အတည်ပြုချက် ၄၇ ချက်အပေါ် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်အများစုကို သဘောတူသော်လည်း ပြစ်မှုပြစ်ဒဏ်အပိုင်းတွင် သဘောထား ကွဲလွဲလျက်ရှိကြောင်း အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့လာသောပြင်ဆင်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါ ဥပဒေ၏ အခန်း(၅) “ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ယောက်ျား လိုက်နာရမည့် အချက်များ” မှ ပုဒ်မ ၁၉ (င) တွင် “မြန်မာ ဗုဒ္ဓဘာသာဝင် မိန်းမကို နည်းအမျိုးမျိုးဖြင့် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်မှုကို စွန့် လွှတ်စေပြီး မိမိကိုးကွယ်ရာ ဘာသာသို့ ဖြစ်စေ၊ အခြားဘာသာ တစ်မျိုးမျိုးသို့ ဖြစ်စေ၊ ကူးပြောင်းကိုးကွယ်စေမှု မပြုရ” ဟူသည့် ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်လျှင် “ထိုသူကို ငါးနှစ်ထက်
မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ် သိန်းနှစ်ဆယ်ထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်” ဟု ပြည်သူ့လွှတ်တော်ကပြင်ဆင် အတည်ပြုခဲ့သည်။ အမျိုးသားလွှတ်တော်ကမူ ထောင်ဒဏ် ငါးနှစ်နေရာ၌ “နှစ်နှစ်ထက်မပိုသော” ဟူ၍ ကွဲလွဲသောပြင်ဆင်အတည်ပြုချက်ဖြင့် ပြည်သူ့ လွှတ်တော်သို့ ပြန်လည် ပေးပို့ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါ ပုဒ်မ ၁၉(စ) နှင့် (ဆ)ပြဋ္ဌာန်းချက်များကို  ဖောက်ဖျက်သည့် ဘာသာခြား ယောက်ျားအား “သုံးနှစ်ထက်မပိုသောထောင်ဒဏ် ချမှတ်ရမည့်အပြင် ကျပ်တစ်ဆယ့်ငါးသိန်းထက် မပိုသော ငွေဒဏ်လည်း ချမှတ်ရမည်” ဟူသည့် ပြည်သူ့လွှတ်တော်၏ပြင်ဆင်အတည်ပြုချက်ကို ထောင်ဒဏ်နေရာတွင် အမျိုးသားလွှတ်တော်က သုံးနှစ်အစား “နှစ်နှစ်ထက် မပိုသော” ဟု ပြင်ဆင်အတည်
ပြုခဲ့သည်။
ထိုသို့ ပြစ်ဒဏ်များကို လျှော့ချရခြင်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ရီက “ဒီ ဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်မှုဟာ ဒုစရိုက်မှု၊ ရာဇဝတ်မှုတွေ မဟုတ်တဲ့ လူမှုရေး ပြဿနာတွေသာ ဖြစ်တဲ့အတွက် အခုလို လျှော့ချရတာပါ” ဟု ဖြေကြားသည်။
အဆိုပါ သဘောကွဲလွဲမှုများ၊ ပြင်ဆင်ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များက ဇွန်လ ၆ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းကြရန် ယနေ့  ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ  ဦးနန္ဒကျော်စွာက ပြောကြားသည်။
mizzima

No comments:

Post a Comment