Tuesday 9 June 2015

မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၂ ရွာ ကမ်းပြို ကာကွယ်ရေး ကျပ်သန်းသုံးထောင်ခန့် သုံးမည်

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာ ၂၂ ရွာ ရေတိုက်စားခံရခြင်းနှင့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်းသုံးထောင်ခန့် သုံးစွဲကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ညောင်ဦး၊ မြင်းခြံ၊ ကျောက်ဆည်၊ ပြင်ဦးလွင်နှင့် မန္တလေးခရိုင်များအတွင်းရှိ ဧရာဝတီမြစ်ရေ တိုက်စားခံခဲ့ရပြီး ကမ်းပြိုမှုကြုံတွေ့နေရသည့် ကျေးရွာ ၂၂ ရွာ ၏ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအတွက် ငွေကျပ်သန်း ၂,၉၂၀ကျော် သုံးစွဲလုပ်ကိုင်မည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မန္တလေးတိုင်းဦးစီးမှူး ဦးဝင်းလှိုင်က ပြောသည်။

‘‘မြစ်ရေမတက်ခင် လုပ်လို့ရမယ့်နေရာတွေကို စလုပ်တော့မှာပါ။ ကျွန်တော်တို့ လုပ်ငန်းစဖို့ ရုံးချုပ်ကို ဒီဇိုင်းတွေတင်ပြထားပါတယ်။ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းတွေအတွက် တင်ဒါခေါ်ထားပြီး အခုနောက်ဆုံးတင်ဒါအောင် ကုမ္ပဏီတွေကိုလည်း ထုတ်ပြန် ကြေညာပေးပြီးတာနဲ့ လုပ်ငန်းစနိုင်အောင် ကြိုးစားနေပါတယ်’’ ဟု ဦးဝင်းလှိုင်က ပြောသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လုပ်ကိုင်မည့် ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ငွေကြေးကို မန္တလေးတိုင်းအစိုးရဘတ်ဂျက်မှ ကျခံသုံးစွဲခြင်းဖြစ်သည်ဟု ဆိုသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေတိုက်စားခံရပြီး ကမ်းပြိုမှုဆိုးရွားစွာကြုံတွေ့ နေရသည့် ကျေးရွာများအတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှစတင်ကာ လုပ်ဆောင်ခဲ့သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတင်းရရှိသည်။
ကနဦးနှစ်တွင် ကျေးရွာ ကိုးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများလုပ်ကိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၂၈ ရွာအတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများကို ငွေကျပ် သန်း ၂,၄၀၀ ကျော် သုံးစွဲကာ လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။
မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုမှုကာကွယ်နိုင်ရန် သောင်တူးခြင်း၊ မျောတိုင်တန်း ရေကာတာတည်ဆောက်ခြင်း၊ မိုးကာအိတ်သဲဖြည့် ရေကာတာတည်ဆောက်ခြင်းနှင့် ကျွန်းဖြတ်တူးမြောင်းတူးဖော်ခြင်း  စသည်များကို လုပ်ဆောင်မည်ဖြစ်သည်။
ဧရာဝတီမြစ်အထက်ပိုင်း ဒေသများတွင် သစ်တောများပြုန်းတီးခြင်းနှင့်အတူ မြစ်အတွင်း နုန်းများပို့ချမှုများပြားကာ မြစ်ကြမ်း ပြင်မြင့်တက်လာခြင်းတို့ကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိသော   ကျေးရွာအချို့မှာ  နှစ်စဉ်မြစ်ရေတိုက်စားခံရပြီး ကမ်းပါးပြိုမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။  ၂၀၁၂  ခုနှစ်က မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများ မြစ်ရေတိုက်စားကာ ကမ်းပါးပြိုမှုများ ဆိုးရွားစွာဖြစ်ပေါ်ခဲ့ပြီး ရာချီသော လူနေအိမ်များ ရွှေ့ပြောင်းခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ဖြတ်သန်းစီးဆင်းမှုမှာ တကောင်းမြို့နယ်မှ ညောင်ဦးမြို့နယ်အထိ ရေမိုင် ၂၀၀ ကျော် ရှည်လျားသည်။

တိုင်းဒေသကြီးဘဏ္ဍာငွေဖြင့် ကမ်းပြိုကာကွယ်ရေးဆောင်ရွက်သကဲ့သို့ ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့်လည်း ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ဆောင်နေကြောင်း၊ ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ကျပ်သန်း၃၀၀ ကျော် သုံးစွဲကာ မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ဆောင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ဒေသ-၅-မန္တလေး)မှ သတင်းရရှိသည်။
7 day

No comments:

Post a Comment