Wednesday 17 June 2015

အခြေခံဥပဒေကို သတ်မှတ်ကာလအမီ ပြင်ဆင်ရန်နှင့် မဲခွဲရာတွင် စက်ခလုတ် မသုံးရန် အကြံပြု

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရာတွင် သတ်မှတ်သည့် အချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် မဲခွဲဆုံးဖြတ်ရာတွင် သံသယရှိဖွယ်အချက်များ ပေါ်ပေါက်နိုင်သည့် စက်ခလုတ် နှိပ်သည့်နည်းကို မသုံးဘဲ ရှင်းလင်းစွာ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ကော်မတီက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြခဲ့သည်။

“ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၃၄ ဦးတို့ ဆန္ဒမဲပေးရာတွင် စက်ခလုတ်နှိပ် အသုံးပြုပါက သံသယရှိဖွယ်ရာ အချက်များ ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်ရရှိပါသည်။ ထို့ကြောင့် ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် အများပြည်သူနှင့် နိုင်ငံတကာကလည်း စောင့်ကြည့်နေကြမည် ဖြစ်ပါ၍ ပွင့်လင်းမြင်သာမှု ရှိစေရန် ရှင်းလင်းစွာ ဆောင်ရွက်နိုင်ဖို့ လိုအပ်ပါသည်” ဟု ဆန္ဒမဲပေးသည့် စနစ်နှင့် ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီက တင်ပြခဲ့သည်။


လွှတ်တော် အစည်းအဝေးများတွင် မဲပေးသည့်အခါ ပွင့်လင်းမြင်သာ သတ္တိရှိစွာ မတ်တပ်ရပ် ဆန္ဒပြုသည့်နည်းနှင့် စက်ခလုတ်ဖြင့် လျှို့ ဝှက် ဆန္ဒပြုနည်းတို့ကို အသုံးပြုကြရာ လွှတ်တော် အစပိုင်း ကာလများတွင် ထိုနှစ်နည်းစလုံးကို အသုံးပြုခဲ့ကြပြီး နောက်ပိုင်းတွင် စက်ခလုတ်နှိပ်သည့် လျှို့ ဝှက်နည်းကို အသုံးများခဲ့ကြသည်။

“ပွင့်လင်းမြင်သာပြီး ရှင်းလင်းတဲ့ နောက်တစ်နည်းလည်း ရှိသေးတယ်။ မဲပုံးထောင်ပြီး ကိုယ်စားလှယ်တွေက မဲထည့်တဲ့နည်း၊ အဲဒီနည်းကိုလည်း သုံးကောင်း သုံးလာနိုင်ပါတယ်။ ဘယ်နည်း သုံးမလဲဆိုတာကတော့ ပြည်ထောင်စုလွှတ်တော် နာယကရဲ့ သဘောအတိုင်းပါပဲ” ဟု အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီအဖွဲ့ဝင် ၁၀၈ ဦးတွင် ပါဝင်ခဲ့သည့်အပြင် အခြေခံဥပဒေ အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ဝင် ၃၁ ဦးတွင်လည်း ပါဝင်သည့် မလှိုင်မြို့ နယ်အမတ် ဦးအေးမောက်က ပြောသည်။

သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးအတွက်လည်း ဥပဒေကြမ်းကော်မတီက “မဲခွဲရာတွင် လက်ရှိ လွှတ်တော် ကိုယ်စားလှယ် ၆၃၄ ဦး၏ ၇၅ ရာခိုင်နှုန်းဖြစ်သော ၄၇၆ ဦးထက် ပိုမိုသော ထောက်ခံမဲ ရရှိမှသာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၆ ပါ ပြင်ဆင်ချက်များ ပါရှိသည့် ဥပဒေကြမ်းများကို အတည်ပြုနိုင်မည် ဖြစ်သည်။ သို့ ဖြစ်၍ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် ဥပဒေကြမ်းအဖြစ် တင်သွင်းလာသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၏ ပုဒ်မ ၄၃၆ (က) နှင့် သက်ဆိုင်သည့် အချက်များကို ဆွေးနွေးပြီးပါက လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသင့်ကြောင်း တင်ပြပါသည်” ဟု လွှတ်တော်သို့ အစီရင်ခံခဲ့သည်။

အစီရင်ခံစာပါ သတ်မှတ်ကာလနှင့် ပတ်သက်ပြီး ကန်ပက်လက်မြို့နယ်အမတ် သူရဦးအောင်ကိုက “သတ်မှတ်ချိန်ဆိုတာက လက်ရှိလွှတ်တော် သက်တမ်းအတွင်းမှာ ဒီအခြေခံ ဥပဒေ ပြင်ဆင်တာကို အပြီးဆောင်ရွက်မယ်လို့ ပြောတာပါ၊ ပြင်ဆင်ပြီးသွားတဲ့ ဥပဒေဟာ လာမယ့် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမယ့် လွှတ်တော်အသစ်မှာ စပြီး အသက်ဝင်ပါမယ်” ဟု မဇ္ဈိမကို ဖြေကြားသည်။

အခြေခံဥပဒေ ပြင်ဆင်ရေး စတင်ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်သို့ ယနေ့စတင် တင်သွင်းလာသည့် ပုဒ်မ ၄၃၆ (က) နှင့် (ခ) ပြင်ဆင်ချက်များအပေါ် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာပါ အပိုဒ် ၉ တွင် “ပြင်ဆင်သည့် ဥပဒေကြမ်းကို တစ်ပိုဒ်ချင်းအလိုက် ဆွေးနွေးခွင့်ရှိ သော်လည်း  အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်မှတ်ရေးထိုးထားသည့် လွှတ်တော် ကိုယ်စားလှယ်များ၏ ပြင်ဆင်ချက် အပိုဒ်များကို ထပ်မံ၍ ပြင်ဆင်ချက် တစ်စုံတစ်ရာ တင်သွင်းခွင့် မရှိကြောင်း လေ့လာစိစစ်တွေ့ ရှိရသည်” ဟူ၍ ပါရှိသည်။ အဆိုပါ ဖော်ပြချက်ကို ယနေ့ ကိုယ်စားလှယ်များ ကိုယ်တိုင်နားမလည်နိုင်ဘဲ အဓိပ္ပာယ် အမျိုးမျိုးကောက်ယူနေကြသည် ဆို၏။

“ဒီ ပြင်ဆင်ချက် ဥပဒေကြမ်းတင်သွင်းတုန်းက ကျွန်မတို့ လက်မှတ် မထိုးခဲ့ဘူး၊ ဒါကြောင့် ကိုယ်ဆွေးနွေးချင်တဲ့ အချက်တွေကို ထည့်ဆွေးနွေးသွားရမှာပဲ။ အခု အစီရင်ခံစာအရ ဒီဥပဒေကြမ်းပါ အချက်ကို သဘောတူ မတူပဲ ဆွေးနွေးရမယ်လို့ အမတ်တချို့ က ယူဆတယ်။ တချို့ ကတော့ ပြင်ဆင်ချက်အသစ် ထပ်မထည့်ရရင်တောင် ၇၀ ရာခိုင်နှုန်းလို ပမာဏသတ်မှတ်ချက်တွေကို အတိုးအလျှော့တော့ လုပ်ခွင့်ရမယ်လို့ ယူဆတယ်” ဟု ကွန်ဟိန်းမြို့ နယ်အမတ် SNLD ပါတီဝင် ဒေါ်နန်းဝါနုက မဇ္ဈိမကို ပြောသည်။

အခြေခံဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းစဉ်က SNLD ပါတီသည် ပြင်ဆင်ချက်များ မဖတ်ရသဖြင့် လက်မှတ်မထိုးခဲ့ဟု ၎င်းက ပြောသည်။ NLD ပါတီကမူ ဥပဒေ ပြင်နိုင်ရေးအတွက်သာ လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ပြီး ပြင်ဆင်ချက်များကို သဘောတူ၍ ထိုးခဲ့ခြင်း မဟုတ်ဟု ပုသိမ်မြို့ နယ်အမတ် ဦးဝင်းမြင့်က ပြောသည်။

သို့ ရာတွင် အစီရင်ခံစာ အပိုဒ် (၉) အရ လက်မှတ်ထိုးထားသည့်အတွက် ပြင်ဆင်ချက်များကို ထပ်မံဖြည့်စွက်ခြင်း မပြုနိုင်တော့သဖြင့် မိမိတို့ ပြင်ဆင်လိုသည်များ၊ ကန့်ကွက်လိုသည်များအတွက် မည်ကဲ့သို့ ဆွေးနွေးခွင့် ရနိုင်မည်ကို ကိုယ်စားလှယ်များအကြား စိုးရိမ်ပူပန်လျက် ရှိကြသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ  အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ ဗညားအောင်မိုးကမူ “ကိုယ်ဆွေးနွေးချင်တာတွေ ဆွေးနွေးခွင့်တော့ရမယ်၊ ဒါပေမဲ့ မဲခွဲ ဆုံးဖြတ်တဲ့ အခါမှာတော့ အမတ် ၂၀ ရာနှုန်းကျော်က လက်မှတ်ရေးထိုး တင်သွင်းထားတဲ့ ပြင်ဆင်ချက် ဥပဒေကြမ်းပါ အချက်တွေကိုပဲ သဘောတူ မတူ မဲခွဲရမယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးတွင် အဓိက အကျဆုံးဖြစ်သည့် ပုဒ်မ ၄၃၆ (က)နှင့် (ခ) တို့၏ ပြင်ဆင်ချက်များအပေါ် ဆွေးနွေးလိုသူ ကိုယ်စားလှယ်တို့ သည် ၄၃၆ (က) အတွက် ဇွန်လ ၁၇ ရက် နေ့လယ် ၂  နာရီတွင် လည်းကောင်း၊ ၄၃၆ (ခ) အတွက် ဇွန်လ ၁၈ ရက် နေ့လယ် ၂  နာရီတွင် လည်းကောင်း၊ လွှတ်တော်ရုံးသို့ နောက်ဆုံးထား အမည်စာရင်း ပေးသွင်းကြရန် ပြည်ထောင်စု လွှတ်တော် နာယကက လွှတ်တော်ကို ပြောကြားသည်။
mizzima

No comments:

Post a Comment