Thursday 18 June 2015

စက်သုံးဆီနှင့် စားသောက်ဆီ သွင်းကုန်များအတွက် နိုင်ငံခြားငွေကို ဗဟိုဘဏ် ဖြည့်ဆည်းပေးမည်

စက်သုံးဆီနှင့် စားသောက်ဆီ သွင်းကုန်များအတွက် လိုအပ်မည့် နိုင်ငံခြားငွေကို ဗဟိုဘဏ်၏ သတ်မှတ်နှုန်းအတိုင်း အကန့်အသတ်မရှိ ပြည်တွင်းဘဏ်များမှတဆင့် ရောင်းချပေးတော့မည်ဖြစ်ကြောင်း သိရသည်။ဗဟိုဘဏ်က ပြည်တွင်းဘဏ်များမှ တဆင့် ရောင်းချပေးမှာဖြစ်ကြောင်း ဇွန် ၁၇ ရက်နေ့ နေပြည်တော် ဗဟိုဘဏ် အစည်းအဝေး၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

မရှိမဖြစ်လိုအပ်ပြီး လစဉ် ဒေါ်လာ သန်း ၂၀၀-၃၀၀ ပမာဏ စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းသူများအနေဖြင့် ငွေချေရန် လိုအပ်သည့် နိုင်ငံခြားငွေကို ဈေးကွက်အတွင်းမှ ၀ယ်ယူရန် မလိုအပ်တော့ပဲ ဗဟိုဘဏ်က ဖြည့်ဆည်းပေးမည့် အစီအစဉ် ဖြစ်သည်။

ကျပ်ငွေတန်ဖိုး တည်ငြိမ်မှု မရှိဖြစ်နေသည်ကို ထိန်းသိမ်းနိုင်ရန် ဗဟိုဘဏ်အနေနှင့် ငွေကြေးမူဝါဒအရ ဈေးကွက်တွင်း ပိုနေသည့် ကျပ်ငွေနုတ်ယူခြင်းကိုလည်း ဆောင်ရွက်နေကြောင်း အစိုးရထုတ် ဇွန် ၁၇ ရက် သတင်းစာများက ဖော်ပြသည်။

ယင်းအစီအစဉ်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ အခြားပုဂ္ဂလိကဘဏ်များက မကြာမီ စတင်ရန် ရှိပြီး မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ်တို့ကမူ ဇွန် ၂၂ ရက်ကို လျာထားသည်ဟု ဆိုသည်။

နိုင်ငံခြားငွေလိုအပ်ချက်များသည့် အခြားသွင်းကုန်များအတွက်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သွင်းကုန်ဆိုင်ရာအချက်အလက်များ တောင်းခံပြီး ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ဗဟိုဘဏ်က အမေရိကန်နှင့် ကျပ်ငွေလဲလှယ်နှုန်းကို တဒေါ်လာ ၁၁၀၅ ကျပ်ဝန်းကျင် သတ်မှတ်ထားသော်လည်း ပြင်ပ ငွေဈေးကွက်တွင်မူ ၁၃၀၀ ၀န်းကျင်ထိ ဖြစ်သွားခဲ့ပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေသည်။ ယင်းကြောင့် ပုဂ္ဂလိက ဘဏ်များ၌ နိုင်ငံခြားငွေ အရောင်းလုပ်ငန်းများလည်း အဆင်မပြေ ဖြစ်လာခဲ့သည်။

နိုင်ငံခြားငွေရောင်းဝယ်ခွင့်ရ ပုဂ္ဂလိကဘဏ်များအနေဖြင့် နိုင်ငံခြားသုံး ငွေစာရင်း ဖွင့်ထားသူများ၏ ဘဏ်စာရင်းမှ နိုင်ငံခြားငွေ ငွေထုတ်ရာတွင် ယခင်က တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထုတ်ပေးခြင်းအစား "ရက်သတ္တပတ်တွင် ၂ ကြိမ်ထက်မပိုစေဘဲ တစ်ကြိမ်လျှင် ၅,၀၀၀ ထုတ်ပေးရန်" ဗဟိုဘဏ်က မေလ ၂၇ ရက်တွင် ညွှန်ကြားချက် ထုတ်ခဲ့သေးသည်။
mizzima

No comments:

Post a Comment