Saturday 30 May 2015

တောင်တရုတ်ပင်လယ်အတွင်း တရုတ် လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားဟု အမေရိကန်စွပ်စွဲ

တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေရာ ကျွန်းများပေါ်တွင် တရုတ်က လက်နက်ကြီးများ အထိုင်ချ ဆောက်လုပ်ထားကြောင်း အမေရိကန်က စွပ်စွဲ ပြောကြားလိုက်သည်။
သဘာဝ သယံဇာတ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်ပြင် ဧရိယာ တစ်ခုလုံးကို တရုတ်က ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းသွင်းရန် ကြိုးစားနေရာ ဒေသတွင်း နိုင်ငံများက ကန့်ကွက်နေသည်။ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ ကျွန်းများပေါ်တွင် စစ်အခြေစိုက် စခန်းများ ဆောက်လုပ်ထားသလို ကျွန်းတုများကိုပါ တည်ဆောက်ပြီး ယင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းလျက် ရှိသည်။


အမေရိကန်က တရုတ်၏ လုပ်ရပ်သည် ဒေသတွင်း ရေကြောင်းသွားလာရေး လမ်းကြောင်းများကို ခြိမ်းခြောက်နေကြောင်း သတိပေးခဲ့ပြီး တရုတ်အနေဖြင့် ၎င်းတို့ ထိန်းချုပ်ထားရာ စပရတ်လေကျွန်းစုနှင့် အနီးတဝိုက်ရှိ သန္တာကျောက်တန်းများပေါ်တွင် လက်နက်ကြီးများ အထိုင်ချ တည်ဆောက်ထားကြောင်း ပြောကြားခဲ့သည်။

တရုတ်က ကျွန်းတုများ တည်ဆောက်မှုသည် မိမိတို့၏ အချုပ်အခြာ အာဏာအရ လုပ်ပိုင်ခွင့်ရှိကြောင်း ပြောကြားထားသော်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာက “ရေအောက် သန္တာကျောက်တန်းတွေကို မြှင့်တင်ပြီး အဲဒီအပေါ်မှာ လေယာဉ်ကွင်း ဆောက်နေတယ် ဆိုတာက အချုပ်အခြာအာဏာကို ကာကွယ်နေတာ မဟုတ်မှန်း အားလုံးသိပါတယ်။ တရုတ်ရဲ့ လက်ရှိ ကျွန်းတုတွေ တည်ဆောက်နေမှု မြန်နှုန်းနဲ့ ချဲ့ထွင်မှုက စိုးရိမ်စရာပါ”ဟု ဆိုသည်။

ကာတာက “တရုတ်ရဲ့ ခြေလှမ်းက ဘယ်လောက်ထိ ကျယ်မလဲ မသိဘူး။ လက်နက်ကြီး ယူနစ်တစ်ခုကို ဂြိုဟ်တုဓာတ်ပုံတွေရယ်၊ ထောက်လှမ်းရေး လေယာဉ်ရယ်က တွေ့ရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဖယ်ရှားလိုက်တာလား၊ ဖုံးကွယ်ထားတာလား မသိရဘဲ ပျောက်ကွယ်နေတယ်”ဟုလည်း ပြောကြားခဲ့သည်။ အမေရိကန် ရေတပ်က စပရတ်လေ ကျွန်းပေါ်တွင် ထားရှိသည့် အဆိုပါ လက်နက်ကြီးသည် အခြားဒေသတွင်း နိုင်ငံများက ပိုင်ဆိုင်ကြောင်း ကြေညာထားသည့် ကျွန်းများထိ ရောက်ရှိအောင် ပစ်ခတ်နိုင်စွမ်း ရှိမည်ဟု ယုံကြည်ထားသည်။

Ref: nytimes

No comments:

Post a Comment