Saturday 25 April 2015

မိုးကုတ်-ပြင်ဦးလွင် ကားလမ်းဘေး ကြိုးတုပ် အသတ်ခံထားရတဲ့ အလောင်းသုံးလောင်းတွေ့၊ သံဃာတစ်ပါးပါဝင်


ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုးကုတ်-ပြင်ဦးလွင် ကားလမ်း မိုင်တိုင်အမှတ် ၄၃ နားမှာ ဧပြီ ၂၄ ရက် မွန်းလွဲ ၃ နာရီက သံဃာတစ်ပါး၊ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ကို ကားလမ်းဘေး လျှို ထဲမှာ လက်ပြန်ကြိုးတုတ် ရိုက်နှက် သတ်ထားတဲ့ ရုပ်အလောင်းတွေ တွေ့ခဲ့ရတယ်လို့ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူး ရုံးကနေ သိရပါတယ်။
"ကားလမ်းဘေး လျှိုထဲက လူသေအလောင်းတွေကို တောထဲ ထင်းသွားခွေသူတွေ တွေ့ခဲ့တာ။ လူသတ်မှုဖြစ်တဲ့ နယ်မြေက လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတာမို့ ခုထိ အလောင်းတွေကို ပြန်ယူခွင့် မရသေးဘူး" လို့ အဲဒီရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဆိုပါတယ်။

မိုးကုတ်မြို့နယ် ရှောလီဝိုင်းကျေးရွာအုပ်စု အောင်သာယာ ရပ်ကွက် ဘုန်းတော်ကြီးကျောင်းက ကျောင်းထိုင်ဆရာတော် အရှင်ဆရနန္ဒလင်္ကာရနဲ့ တပည့်ဒါယကာ မိသားစုဝင်တွေက မတ်လ ၁၆ ရက်နေ့မှာ ကားတစ်စီးနဲ့ စစ်ကိုင်းရှိ သီတဂူ ဗုဒ္ဓက္ကသိုလ်ကို သွားခဲ့တာဖြစ်တယ်လို့ နယ်မြေရဲစခန်းကနေ သိရပါတယ်။
အဲဒီကနေ ဆရာတော်ကျောင်းထိုင်ရာ ကျောင်းဆီ ပြန်လာတဲ့လမ်းမှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး မိုးကုတ်-ပြင်ဦးလွင် ကားလမ်းဘေး ပဇီကျေးရွာ နားမှာ ဆရာတော်နဲ့အတူ သေဆုံးနေသော အသက် ၇၁ နှစ်အရွယ် ဦးကြည်မောင်နဲ့ သမီး အသက် ၄၀ အရွယ် ဒေါ်ဇာဇာတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့တာဖြစ်တယ်လို့လည်း နယ်မြေရဲစခန်းက တာဝန်ရှိသူတွေက ပြောပြပါတယ်။
"ကားပေါ်မှာ ပါလာတဲ့ ဦးကြည်မောင်ရဲ့ဇနီးက ကားနဲ့အတူ ပျောက်နေတယ်။ လူသေအလောင်းတွေကို လက်နက်ကိုင်အဖွဲ့က ပြန်သယ်ခွင့်မပြုလို့ ဒေသအခြေစိုက် တပ်မတွေကို အကူအညီတောင်းပြီး ပြန်သယ်ဖို့ လတ်တလော စီစဉ်နေတယ်" လို့ မိုးလုံနယ်မြေ ရဲစခန်းက ရဲအရာရှိက ဆိုပါတယ်။
ဒီအမှုကို မိုးလုံနယ်မြေ ရဲစခန်းက (ပ)၄/၁၅၊ ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စုံစမ်းနေ တယ်လို့ ကျောက်မဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးဆီကနေ သိရပါတယ်။
The Voice Weekly

No comments:

Post a Comment