Thursday 30 April 2015

ကျောက်တော်တွင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးနှိပ်စက်၍ ပြည်သူများ အထူးစိုးရိမ်ဟု ANP ဆို

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ AA (ရက္ခိုင့်တပ်မတော်) နှင့် ဆက်စပ်မှု ရှိသည်ဟုဆိုကာ ပြည်သူများကို တပ်မတော်က သံသယဖြင့် ဖမ်ဆီး၊ နှိပ်စက်မှုများ ပြုလုပ်နေသဖြင့် ပြည်သူများ အထူးစိုးရိမ်သောက ရောက်နေကြောင်း ရခိုင်အမျိုးသားပါတီ (ANP) က ဧပြီလ ၂၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ယင်းသို့ စိုးရိမ်သောက် ရောက်နေသဖြင့် ဒေသအာဏာပိုင်များ အနေနှင့် အပြစ်မဲ့ပြည်သူများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးရန် တိုက်တွန်းကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရပြီး အဆိုပါ ဒုက္ခသည်များကို ကူညီလိုသော အဖွဲ့များ အဆင်ပြေစေရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အဆင်ပြေခြင်း မရှိသေးကြောင်း ANP က ထုတ်ပြန်ထားသည်။

ဒုက္ခသည်များ အတည်တကျ နေထိုင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာအတွက် ကူညီလိုသည့်အဖွဲ့များ အဆင်ပြေစွာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်း မရှိသေးသဖြင့် အစိုးရက ဆောလျင်စွာ လုပ်ဆောင်ပေးရန် ANP ပါတီက တောင်းဆိုလိုက်သည်။

ကျောက်တော်မြို့နယ် လင်းဇင်ရွာသစ်မှ ဒေသခံ ၂၄ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး ယင်းအနက် ခြောက်ဦးမှာ ပြန်လည်လွှတ်မြောက်လာပြီ ဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များ ပြောဆိုချက်ကို ကိုးကားကာ ကျောက်တော်မြို့နယ်ရှိ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်လှမေက ပြောကြားသည်။
တပ်မတော်က ဖမ်းဆီးစစ်ဆေးစဉ် ရိုက်နှက်မှုများ ပြုလုပ်ခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာသူ ခြောက်ဦးအနက် ငါးဦးမှာ ကွဲပြဲဒဏ်ရာများ ရရှိထားကြောင်း ၎င်းကဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ရေး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံရေးဆွေးနွေးမှုဖြင့် အမြန်ဆုံးဖြေရှင်းရန် တိုက်တွန်းကြောင်း ANP ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

The Voice Weekly 

No comments:

Post a Comment