Tuesday 17 March 2015

သမ္မတနှင့် KIO တွေ့ဆုံခြင်းသည် ဟန်ပြ သွားမည့် နိုင်ငံရေး ကစားသည့် ခရီး မဟုတ်ဟု ဗိုလ်ချုပ်ဂွမ်မော်ဆို

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် KIO ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံခြင်းသည် ဟန်ပြ သွားမည့် နိုင်ငံရေး ကစားသည့် ခရီးစဉ် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ် KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်အောင် လုပ်ဆောင် ရမယ့် အဓိက အချက်ကို ရှာဖွေမယ်။ မအောင်မမြင် ဖြစ်စေမယ့် အဟန့် အတားမျိုး မပါဝင်အောင် ကြိုးစားမယ် ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။ ယခုအခါ မီဒီယာများနှင့် ပြင်ပအသံ အချို့ကြောင့် နှစ်ဘက်စလုံးတွင် ယုံကြည်မှု လျော့နည်းခြင်းများ ရှိနိုင်ပြီး၊ ခေါင်းဆောင် အချင်းချင်း မတွေ့ဆုံနိုင်ခြင်းသည်လည်း နားလည်မှု များကို အားနည်း နိုင်ကြောင်း ၎င်းက ပြောသည်။ထိုပြင် KIO အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCCTမှာလည်း ဆက်လက်ပါဝင် ပူးပေါင်းပြီး လုပ်ငန်းစဉ် သုံးခုစလုံး အမှန်တကယ် အောင်မြင်သည် အထိ ကြိုးပမ်း ဆောင်ရွက် သွားဖို့ ဆန္ဒပြင်းပြစွာ ရှိနေကြောင်း သိရသည်။

နှစ်ဘက်စလုံး အပစ်အခတ် ရပ်စဲဖို့ အတွက်နဲ့ ငြိမ်းချမ်းရေးရဖို့ အတွက် သမ္မတက ဆွေးနွေးခဲ့ တာပါ ဟု နိုင်ငံတော်သမ္မတရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ သော်လည်း KIO နှင့် တစ်ကြိမ်မျှ တွေ့ဆုံမှုမရှိဘဲ ယခု တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့် အတူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ၀န်ကြီး ဦးအောင်မင်း စသည့် တာဝန်ရှိသူများ တက်ရောက်ပြီး၊ KIO ကိုယ်စားလှယ် အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်ချုပ်ကြီး လမိုင်လနှင့် အတွင်းရေးမှူး ဒေါက်တာ လဂျာတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
The Messenger

No comments:

Post a Comment