Saturday 7 March 2015

တရုတ်ရထားဘူတာရုံ ဓားလွတ်ကိုင် တိုက်ခိုက်မှု ကိုးဦးဒဏ်ရာရ တိုက်ခိုက်သူတစ်ဦး သေဆုံး

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း ဂွမ်ကျိုးမြို့ရှိ ရထားဘူတာရုံ တစ်ရုံတွင် ဓားကိုင်တိုက်ခိုက်သူများက အများပြည်သူကို လိုက်လံတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူ ၉ ဦး ရှိပြီး တိုက်ခိုက်သူများထဲမှ တစ်ဦးကို ရဲက အသေပစ်ခတ် ဖမ်းဆီးခဲ့ကာ တစ်ဦးကို အရှင်ရလိုက်ကြောင်း AP သတင်းအရ သိရသည်။
တရုတ်နိုင်ငံတွင် ယခင်ကလည်း ဓားလွတ်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ခဲ့ဖူးပြီး ယခု ဂွမ်ကျိုးဘူတာ တိုက်ခိုက်မှုသည် နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်သည်။

တိုက်ခိုက်မှု ဖြစ်ပွားချိန်သည် နံနက်ခင်း ဘူတာတွင် လူများသည့် အချိန်ဖြစ်ကြောင်း မြို့တော် ပြည်သူ့လုံခြုံရေး အာဏာပိုင်အဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်မီဒီယာတွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် မတ်လအတွင်းကလည်း ကူမင်းမြို့တော်ရှိ ဘူတာရုံတစ်ရုံတွင် ဓားကိုင်လူများက ခရီးသွားပြည်သူကို ဓားများဖြင့် လိုက်လံထိုးခဲ့ရာ လူ ၂၉ ဦး သေဆုံးပြီး ၁၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
ယခုဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကာ ကျူးလွန်သူများကို အလွန်ကြီးလေးသော ပြစ်ဒဏ်များပေးမည်ဟု တရုတ်လုံခြုံရေး အာဏာပိုင်တို့က လူမှုကွန်ရက်မီဒီယာတွင် ပြောကြားထားသည်။
မည်သည့်အဖွဲ့အစည်း မည်သည့်ပုဂ္ဂိုလ်က ကျူးလွန်ကြောင်း မည်သည့်အကြောင်းကြောင့် ခရီးသွားပြည်သူကို တိုက်ခိုက်ရကြောင်း ဆိုသည်ကိုမူ ရဲက မထုတ်ပြန်နိုင်သေးပေ။
အကြမ်းဖက်တိုက်ခိုက်မှုက တရုတ်နိုင်ငံတွင် အခြားတိုင်းပြည်များနှင့်ယှဉ်လျှင် ရှားပါးသည်ဟု ဆိုရမည် ဖြစ်သော်လည်း မကြာသေးခင် နှစ်များအတွင်း ဆိုခဲ့ပါအတိုင်း အကြမ်းဖက်တိုက်ခိုက်မှုများ ခပ်စိတ်စိတ် ရှိခဲ့သည်။
ဘေဂျင်းတွင် နှစ်စဉ် ပါလီမန် လွှတ်တော်အစည်းအဝေး စတင်ပြီး နောက်တစ်ရက်တွင် ယင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
နှစ်စဉ်ပြုလုပ်သော အမျိုးသား ပြည်သူ့ကွန်ဂရက်သည် လာမည့်နှစ် အစိုးရက ဖော်ဆောင်မည့် အစီအစဉ်များ ချမှတ်ခြင်းကို လုပ်ဆောင်သည်။
The Voice Weekly

No comments:

Post a Comment