Sunday 14 December 2014

အေးချမ်းသာယာ တိုးတက်သည့် နိုင်ငံအဖြစ် ထူထောင်ချင်ပါက လိုချင်သည်ထက် မည်သို့လုပ်ပေးနိုင်မည်ကို ဗမာတိုင်းရင်းသားများသာမက လူနည်းစုတိုင်းရင်းသားများကလည်း စဉ်းစားရလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အေးချမ်းသာယာ တိုးတက်သည့်နိုင်ငံအဖြစ် ထူထောင်ချင်ပါက လိုချင်သည်ထက် မည်သို့လုပ်ပေးနိုင်မည်ကို ဗမာတိုင်းရင်းသား များသာမက လူနည်းစုတိုင်းရင်းသား များကလည်း စဉ်းစားရလိမ့်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေး၌ ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ပြည်ထောင်စုဆိုတာဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ထူထောင်ထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းရင်းသားပေါင်းများစွာဟာ အေးချမ်းသာယာတိုးတက်တဲ့ နိုင်ငံအဖြစ် ထူထောင်ချင်လို့ရှိရင် အသီးသီးဟာ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်မြောက်ရေး အတွက် ကိုယ်ကနေပြီး ဘာပေးနိုင်သလဲ ဆိုတာကို စဉ်းစားစေချင်ပါတယ်။ ကိုယ်ဘာရ နိုင်မလဲ စဉ်းစားတာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာ စဉ်းစားခြင်းအားဖြင့် တကယ်ကို ဒီနိုင်ငံနဲ့ နိုင်ငံသားတွေကို အဆင်ပြေနိုင်မှာပါ။ အများစုဖြစ်တဲ့ ဗမာတိုင်းရင်းသား တွေကလည်း ဒီအတိုင်းပဲ စဉ်းစားသလို လူနည်းစုတိုင်းရင်းသား တွေကလည်း ဒီအတိုင်းပဲ စဉ်းစားရပါလိမ့်မယ်။ အဲဒါတွေအားလုံး စုပေါင်းပြီး ဘာတွေပေးခြင်းအားဖြင့် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ခိုင်မြဲအောင် လုပ်နိုင်မလဲဆိုတာ စဉ်းစားကြရမှာပါ။ ဒီမိုကရေစီပြည်ထောင်စုတစ်ခု ထူထောင်ခြင်းအားဖြင့် ဒို့တွေဘာရနိုင်သလဲ ဆိုတာကို နံပါတ် (၁) စဉ်းစားပြီဆိုရင်တော့ ကျွန်မတို့အတွက် အဖြေတွေဟာ ပိုပြီးခက်ခဲလာမှာပါပဲ။ အားလုံးကနေ လိုချင်တာတော့ရှိ မှာပေါ့။ ဒါလည်း မမှားပါဘူး။ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေရှိတယ်။ တောင့်တချက်တွေရှိတယ်။ လိုအပ်ချက်တွေရှိတယ်။ ဒါတွေကလည်း သဘာဝကျပါတယ်။ ဒါပေမဲ့ ဒါတွေပဲ စဉ်းစားနေလို့တော့ မဖြစ်ပါဘူး။ ဘာပေးနိုင်မှာလဲဆိုတာ ပထမစဉ်းစားစေချင်ပါတယ်။ ကိုယ်က ဘာပေးနိုင်မလဲဆိုတာ စဉ်းစားခြင်းအားဖြင့်လည်း ရသင့်ရထိုက်တဲ့ ဟာတွေရဖို့ဟာ လမ်းပွင့်သွားမှာဖြစ်ပါတယ်။ အများအကျိုး ပိုပြီးအောင်မြင်စေဖို့ အတွက်ဆိုရင် ကျွန်မတို့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆက်ပြီးလုပ်သွားဖို့ လိုပါတယ်” ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားဗမာများနှင့်သာ သက်ဆိုင်သော ပါတီမဟုတ်ဘဲ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံသည့် တိုင်းရင်းသားပါတီဖြစ်ကြောင်း ဆိုသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်လျက် ရှိသော်လည်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့အကြား မကြာခဏ စစ်ရေးအရ တင်းမာမှုများ ရှိနေသည်။

Eleven Media Group

No comments:

Post a Comment