Wednesday 12 November 2014

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ လွှတ်တော်ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

အစိုးရမှတောင်းခံမည့် ဘတ်ဂျက်ပမာဏကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်သို့ မတင်ပြမီ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဦးစွာညှိနှိုင်းရန် ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက တင်သွင်းသည့် “ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း” နှင့် ပတ်သက်၍ ဥပဒေတစ်ပိုဒ်ခြင်းစီအလိုက် အတည်ပြုရာတွင် ယခုအချက်အလက်အား ထည့်သွင်းအတည်ပြုခဲ့ခြင်း ဖြစ်သည်။

“ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်း” အား ပြည်သူ့လွှတ်တော်၌ စတင်ဆွေးနွေးနေခြင်းဖြစ်ပြီး ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးပြီးနောက် အမျိုးသားလွှတ်တော်သို့ ဆက်လက်ပေးပို့သွားမည်ဟု သိရသည်။

လက်ရှိ ပြည်သူ့လွှတ်တော်၌ အတည်ပြုခဲ့သည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က “အခုဆုံးဖြတ်ချက်က ပြည်သူ့လွှတ်တော်မှာပဲ အတည်ဖြစ်တာ။ အမျိုးသားလွှတ်တော် ကျန်သေးတယ်။ အစိုးရကတောင်းတဲ့ ဘတ်ဂျက်တွေကို ပြည်ထောင်စုဘဏ္ဍာရေး ကော်မရှင်ကို မတင်ခင် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနဲ့ အရင်ညှိရမယ့်သဘောပေါ့” ဟု ပြောကြားသည်။

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ဦးမောင်တိုးက “အစိုးရဘတ်ဂျက်တွေကို ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်ကို မတင်မီ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနဲ့ ကြိုတင်ညှိနှိုင်းခြင်းအားဖြင့် လွှတ်တော်တွင်းမှာ ပြန်ပြင်ရတာတွေ အများကြီးမဖြစ်တော့ဘူးပေါ့။ အခြားနိုင်ငံတွေမှာလည်း အဲဒီလိုပဲ ညှိကြတယ်။ အထူးသဖြင့် သမ္မတစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အဲဒီလိုပဲ လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိတယ်။ ကြိုညှိတဲ့သဘောပါ။ ဒါကို လိုက်လုပ်ရမယ် ဆိုတဲ့သဘော မဟုတ်ဘူး။ အတည်ကတော့ ဘဏ္ဍာရေးကော်မရှင်ကဟာ အတည်ပဲလေ။ ဒီဘက်ကလည်း လွှတ်တော်ကြီးက အတည်ပြုမှ အတည်ဖြစ်မှာလေ။ ပြည်သူတွေက လိုလားတာတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့က လိုလားတာတွေနဲ့ တချို့က မကိုက်ဘူး။ အဲဒီလို လိုလားချက်တွေ ကွာခြားမှု ကျဉ်းမြောင်းသွားအောင် ကြိုညှိတဲ့သဘောပါ” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment