Saturday 20 September 2014

တရုတ်နိုင်ငံတွင် တက္ကသိုလ်ရှိ အိမ်သာပိုက် အတွင်း စွန့်ပစ်ခံထားရသည့် ကလေးငယ်ကို ကယ်ဆယ်

baby
မိလ္လာပိုက် အတွင်း တစ်ဆို့ ကျန်နေသည့် ကလေးငယ်။

တရုတ်နိုင်ငံတွင် တက္ကသိုလ်တစ်ခုရှိ အိမ်သာပိုက် အတွင်းတွင် စွန့်ပစ်ခြင်း ခံထားရသော မွေးကင်းစ ကလေးငယ် တစ်ဦးကို ငိုသံကြား သောကြောင့် အချိန်မီ ကယ်ဆယ် နိုင်ခဲ့ကြောင်း Mirror သတင်းဌာနက ဖော်ပြသည်။
ကနဦး ခန့်မှန်းမှုများ အရ တက္ကသိုလ် ကျောင်းသူတစ်ဦးက ကိုယ်ဝန် လွယ်ထားရသည်ကို ဖုံးဖိ ထားကာ ကလေးမီးဖွားချိန်တွင် အိမ်သာတွင်း သွားရောက် မွေး ဖွားပြီး စွန့်ပစ်ထား ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းတွင် ရေးသားထားသည်။ အိမ်သာပိုက်အတွင်း တစ်ဆို့ ကျန်နေရစ်သည့် ကလေးငိုသံကြောင့် ကျောင်းသားများ သိရှိခဲ့ပြီး မီးသတ်ဝန်ထမ်းများ ခေါ်ကာ ကလေးကို ကယ်တင်ခဲ့ရခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ ပိုင်း ရှန်ဒေါင်း ပြည်နယ် လင်းယွီမြို့ တက္ကသိုလ်တွင် အဆိုပါ ဖြစ်ရပ် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။၎င်းတက္ကသိုလ် ကျောင်းသူသည် ကိုယ်ဝန်ကို ဖုံးဖုံးဖိဖိ လုပ်ထားကာ ကိုယ်ဝန် ရင့်မာချိန်၌ ကျောင်းအိမ်သာ အတွင်း မွေးဖွားစွန့်ပစ် ထားခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ သို့ ရာတွင် အိမ်သာပိုက်သည် နှစ်ဆယ် စင်တီမီတာခန့် ကျယ်၍ ပိုက်ခေါင်း အတွင်း၌လည်း ရေမရှိသဖြင့် ပိုက်အကွေး နေရာတွင်  တစ်ဆို့ ကျန်နေသည့် ကလေးငယ် ငိုယိုရာမှ ဘူးပေါ်သလို ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ရဲဌာနက ပြောသည်။
အဆိုပါ ကလေးငယ် လေးမှာ မိန်းကလေး တစ်ဦး ဖြစ်ပြီး ၎င်းငိုသံကြောင့် အထိတ်တလန့် ဖြစ်ကြ ရသည့် ကျောင်းသား များက မီးသတ်ဌာနကို လှမ်း၍ အကြောင်း ကြား ခဲ့ခြင်း ဖြစ်သည်။ "အပေါ်ဘက် ပိုက်ဝကနေ ကလေးကို ဆွဲထုတ်ဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျောင်းရဲ့ တတိယ အထပ်က ပိုက်အဆက် နေရာကို ချိုးဖျက်ပြီး ကလေးကို အပေါ်ကို ပင့်တင် ပေးရတယ်။ အပေါ်က အဖွဲ့ က ကလေးကို ဆွဲထုတ်ပြီး ဆေးဖက်ဆိုင်ရာ အဖွဲ့ လက် အပ်ခဲ့တာပဲ ဖြစ်ပါတယ်" ဟုမီးသတ် အဖွဲ့ ဝင် တစ်ဦး ဖြစ်သည့် တောင်ဖိန့်က ပြောသည်။
ထိုသို့ ကလေးကို ကယ်ထုတ်နေစဉ် ရဲအဖွဲ့ က ယင်းအဆောင် တွင်ပင် နေထိုင်သော ကလေးအမေ ဖြစ်သူ ကျောင်းသူကို ခြေရာကောက် ရှာဖွေ ဖော်ထုတ် ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။ မည်သည့် ပြစ်မှုဖြင့် ယင်းကျောင်းသူကို တရား စွဲဆိုရန် မဆုံးဖြတ်မီ အရင်ဦးဆုံး စစ်ဆေး မေးမြန်းမှုများ ဆောင်ရွက် မည် ဖြစ်ကြောင်း ရဲက ပြောသည်။
ထိတ်လန့်စဖွယ် ယင်းဖြစ်ရပ်သည် လူငယ်များကြား ကိုယ်ကျင့် သိက္ခာ တန်ဖိုးများ များစွာ လျော့ပါး ကျဆင်း လာသည့် ပြယုဂ်အဖြစ် လူမှု မီဒီယာ များတွင် ဆွေးနွေး ငြင်းခုံမှုများ ပြင်းထန် စေခဲ့သည်။

Mizzima

No comments:

Post a Comment