Sunday 27 July 2014

လိုင်ဇာညီလာခံ ဒုတိယနေ့၌ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အခန်း(၄)အထိ ဆွေးနွေးနိုင်ခဲ့ပြီး ကျန်နေသည့် အခန်း(၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များတွင် အစိုးရနှင့် NCCTတို့အကြား ကွဲလွဲချက်များစွာရှိနေ

လိုင်ဇာညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များသည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အချက်များကို ဆွေးနွေးလျက်ရှိရာ ဇူလိုင် ၂၆ ရက်က ပြုလုပ်ခဲ့သည့် ညီလာခံဒုတိယနေ့တွင် မူကြမ်းပါ အခန်း(၄)အထိ ပြီးဆုံးအောင် ဆွေးနွေးနိုင်ခဲ့ပြီး ကျန်ရှိနေသည့် အခန်း(၅)နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များတွင် အစိုးရနှင့် NCCT တို့အကြား ကွဲလွဲချက်များစွာရှိနေ၍ အချိန်ယူ ဆွေးနွေးရမည်ဟု NCCT အဖွဲ့ထံမှ သိရ သည်။


“အခန်း(၅) နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကို အချင်းချင်းကတိပြုခြင်း အပေါ်မှာ အစိုးရရဲ့ တင်ပြချက်နဲ့ ကျွန်တော်တို့ တင်ပြချက်မှာ ကွဲလွဲတာတွေ တော်တော်များများရှိနေတယ်။ အဲဒီအပိုင်းမှာ နည်းနည်းပါးပါး အချိန်ယူပြီး ဆွေးနွေးရမှာရှိတယ်။ အဲဒါက အခန်း (၁)လောက် မခက်ခဲတော့ဘူးလို့ ထင်တယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံကို ယနေ့(ဇူလိုင် ၂၇ ရက်) တွင် ခေတ္တရပ်နားကာ ဇူလိုင် ၂၈ ရက်တွင် ပြန်လည်ကျင်းပ သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဇူလိုင် ၂၇ ရက်တွင် NCCT အဖွဲ့ဝင် ထိပ်သီးခေါင်းဆောင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားသော ဦးဆောင်ကော်မတီ၏ ဆွေးနွေးပွဲကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆွေးနွေးတာ အခန်း(၄)အထိ ပြီးသလောက် ရှိသွားပြီ။ ဒီနေ့က အခက်အခဲမရှိပါဘူး။ မနက်ဖြန်ခါ ဦးဆောင်ကော်မတီအနေနဲ့ ပြန်ထိုင်ဦးမှာပါ။ မနေ့ကမကျေလည်သေးတဲ့ အကြောင်းအချက်တွေကို ကျွန်တော်တို့ ဆွေးနွေးကြမှာပါ။ အထူးသဖြင့် ဝေါဟာရနှစ်လုံးကို အဓိကထား ဆွေးနွေးမှာပါ။ တော်လှန်ရေးရယ် အပစ်အခတ်ရပ်စဲရေးနဲ့ ပစ်ခတ်တိုက်ခိုက်မှုဆိုတဲ့ ဝေါဟာရနှစ်လုံးပေါ့” ဟု ဦးဆောင်ကော်မတီ၏ အတွင်းရေးမှူး KNPP ဒုဥက္ကဋ္ဌ ခူဦးရယ်က ပြောကြားသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းက “ဒီနေ့ဆွေးနွေးပွဲကတော့ အင်မတန်မှအောင်မြင်တယ်။ အသေးစိတ်လည်း ဆွေးနွေးကြတယ်။ ပြီးတော့ တပ်ဘက်ဆိုင်ရာကိစ္စ ဖြစ်နေတဲ့အတွက် တချို့နေရာတွေမှာ တပ်အရွှေ့အပြောင်းကိစ္စနဲ့ ပတ်သက်လို့ သော်လည်းကောင်း၊ လွတ်လပ်စွာသွားလာမှုတို့လို ဟာမျိုးမှာ ကျွန်တော်တို့စိုးရိမ်ရတဲ့အချက်တွေ၊ သတိထားရမယ့် အချက်တွေကို အသေးစိတ် ဆွေးနွေးခဲ့တယ်” ဟုဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် NCCT တို့ အပစ်ရပ်မူကြမ်း ညှိနှိုင်းရေးဆွဲရာ၌ အခန်း (၁) အခြေခံမူများနှင့် အခန်း(၅)တို့အား ညှိနှိုင်းဆောင်ရွက်ရခြင်းမှာ အခက်ခဲဆုံးဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် NCCT တို့ ရေးဆွဲထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းပါ အခန်း(၇)ခန်းမှာ အခြေခံမူများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်များ၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အထွေထွေ စသည်တို့ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment