Sunday 25 May 2014

ပြည်သူလူထု သဘောတူညီချက် မပါဝင်ဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

Photo: ပြည်သူလူထု သဘောတူညီချက် မပါဝင်ဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Sunday, May 25, 2014

ပြည်သူလူထု၏ သဘောတူညီချက်မပါဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မေ ၂၄ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်နှင့် မြန်မာနိုင်ငံအတွင်းသို့ ဖောက်လုပ်သွားမည့် ရထားလမ်းစီမံကိန်းအတွက် ပဏာမအဆင့်သာ သဘောတူညီချက်ရယူထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက ဆက်လက်ပြောကြားသည်။

ကနဦး ရထားပို့ဆောင်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ၏ ပြောကြားချက်များတွင်လည်း ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်ရန် ပြန်လည်စိစစ်မှုများ ပြုလုပ်နေပြီးနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အတိအကျ ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက “ခေတ်စနစ်ကလည်း ဒီဘက်ကို ပြောင်းလာတယ်။ပြည်သူလူထုရဲ့လိုလားချက်၊ လက်ခံမှုနိုင်မှုတွေ မပါဝင်ဘဲ ဒီလမ်းပိုင်းကို ဖောက်လုပ်မှာ မဟုတ်တဲ့အတွက် မစိုးရိမ်ကြပါနဲ”ဟုပြောကြားခဲ့သည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းမှာ တရုတ်နိုင်ငံဘက်မှ ကုန်ကျမည့် စရိတ်အများစုကို ရင်းနှီးဆောက်လုပ်မည်ဖြစ်ပြီး နှစ် ၅ဝ ကြာမြင့်မည်ဖြစ်သော ဘီအိုတီစီမံကိန်းဖြစ်ကြောင်းလည်း MoU စာချုပ်တွင် ဖော်ပြထားကြောင်း သိရသည်။

သို့သော် အဆိုပါ ရထားလမ်းစီမံကိန်းမှာ မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်ကာ ဖောက်လုပ်မည့်စီမံကိန်း ဖြစ်သောကြောင့် နိုင်ငံ၏အချုပ်အခြာအာဏာအပြင် စီမံကိန်းကြောင့် ဆိုးကျိုးရလဒ်များ ထိခိုက်လာနိုင်ကြောင်း လူမှုအဖွဲ့အစည်းများမှ ထောက်ပြဝေဖန်ထားသည့်အပြင် အဆိုပါစီမံကိန်းအတွက် ကန့်ကွက်ဆန္ဒပြမှုများနှင့် နိုင်ငံရေးပါတီအချို့၏ သဘောတူညီမှု မရှိကြောင်း ကြေညာချက်များလည်း ထုတ်ပြန်ထားမှုများ ရှိခဲ့သည်။

တရုတ်နိုင်ငံမှ ရထားလမ်းစီမံကိန်းအပြင် ကားလမ်းကိုပါ ဖောက်လုပ်ရန် မြန်မာနိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်းနေကြောင်း၊ လက်ရှိတွင် ကားလမ်းဖောက်လုပ်ရန် ဖြစ်နိုင်ခြေ အကြိုလေ့လာမှုများ ပြီးစီးနေပြီဖြစ်ကြောင်း၊ ဆောက်လုပ်မှုအပိုင်းနှင့် ပတ်သက်၍ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းကို ယခင် ရထားပို့ဆောင်ရေးဝန်ကြီးဟောင်းဖြစ်သူ ဦးအောင်မင်း၊ တာဝန်မှ အနားယူခဲ့သော ဒုတိယသမ္မတ သီဟသူရတင်အောင်မြင့်ဦးတို့ ဦးဆောင်ကာ တရုတ်နိုင်ငံဘက်မှ Chian Railway Engineering Corporation (CREC) တို့နှင့် ၂ဝ၁၁ ခုနှစ် ဧပြီလအတွင်းက နားလည်မှုစာချွန်လွှာ MoU စာချုပ် ရေးထိုးခဲ့ခြင်းဖြစ်ပြီး စီမံကိန်းအတွင်း အမေရိကန်ဒေါ်လာ ဘီလျံ ၂ဝ ခန့် အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

စာချုပ်ရေးထိုးခဲ့စဉ်တွင် တရုတ်ဘက်မှ သုံးနှစ်အတွင်း အဆိုပါစီမံကိန်းကို အပြီးသတ်လုပ်ဆောင်နိုင်မည်ဟု ကြေညာမှုများရှိခဲ့ပြီး လက်ရှိအချိန်တွင်မှု မြန်မာနိုင်ငံနှင့် လုပ်ငန်းလုပ်ဆောင်ရန် သဘောတူညီချက် MOA  စာချုပ်ရေးထိုးမှု မပြုလုပ်ရသေးကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး မီဒီယာများနှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ-အောင်ရဲကို)
Eleven Media Group

No comments:

Post a Comment