Saturday 19 April 2014

ရန်ကုန်အခြေခံပညာ အောင်စာရင်း အဋ္ဌမတန်းနှင့် နဝမတန်း ကျရှုံးသူ စံချိန်တင် များပြားဟုဆို

ပညာရေးဝန်ကြီးဌာန လက်အောက် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဧပြီလ ၁၈ ရက်နေ့ ထုတ်ပြန်သည့် အောင်စာရင်း၌ အဋ္ဌမတန်းနှင့် နဝမတန်းအဆင့်၌ ကျရှုံးသူ သိသိသာသာ များပြားခဲ့ကြောင်း အခြေခံပညာ ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
သူငယ်တန်းမှ သတ္တမတန်း အဆင့်တွင် ကျရှုံးသူ အလွန်နည်းပါးသော်လည်း အဋ္ဌမတန်းနှင့် နဝမတန်း တို့တွင်မူ ယခင်နှစ်ထက် ကျရှုံးသူ များပြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စာမေးပွဲကျရှုံးသူ ဦးရေကိုမူ အသေးစိတ် မသိရှိသေးကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။ ယခင်နှစ်များက အားလုံးနီးပါး အောင်မြင်သော အရေအတွက် ရှိခဲ့ပြီး ယခုနှစ်တွင်မူ သိသာစွာ များပြားသော အရေအတွက်ဖြင့် ကျရှုံးခြင်းဖြစ်ကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ “အမှတ်တစ်ခု သတ်မှတ်လိုက်ပြီးတော့ အဲဒီအမှတ်အတိုင်း မပြည့်ရင် ကျတယ်။ ဒီနှစ်တော့ ရှစ်တန်း၊ ကိုးတန်းတွေ အကျများတယ်” ဟု ရန်ကုန်မြို့ရှိ အထက်တန်းပြ ဆရာမတစ်ဦးက အမှတ်ဖြေလျှော့မှု တင်းကျပ်ကြောင်းကို ဆက်လက်ပြောဆိုသည်။ ယင်းသို့ ကျရှုံးသူ များပြားခြင်းမှာ ပညာရေးမူဝါဒများ အမျိုးမျိုး ပြောင်းလဲခြင်းကြောင့် ဖြစ်ပြီး အခြေခံပညာ စာမေးပွဲအားလုံး မဖြေဆိုခင်ကတည်းက အထက်တန်းကျောင်းအုပ် ဆရာ၊ ဆရာမအချို့ကို သက်ဆိုင်ရာ ပညာရေးမှူးများက စာမေးပွဲ စည်းမျဉ်းစည်းကမ်းတို့ကို ညွှန်ကြားထားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကျောင်းအုပ်ဆရာတစ်ဦးက The Voice သို့ ပြောကြားသည်။ “ကျောင်းမှာတော့ ရှစ်တန်း၊ ကိုးတန်းအားလုံး နှစ်ရာလောက်ထိ ကျတယ်လို့ ကြားတယ်။ အောင်စာရင်း ကြည့်ပြီး ငိုနေကြတာ တွေ့တယ်” ဟု ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်နေ သတ္တမတန်း ကျောင်းသူတစ်ဦးက မျက်မြင်တွေ့ကြုံရပုံကို ပြောဆိုသည်။ အလားတူ ဗဟန်းမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင်လည်း နဝမတန်း အဆင့်တွင် ၆၀ ဦးခန့်နှင့် အဋ္ဌမတန်း အဆင့်တွင် ၁၅ ဦးခန့် ကျရှုံးခဲ့ကြောင်း အဆိုပါကျောင်း အသိုင်းအဝိုင်း က စုံစမ်းသိရှိရသည်။ ပညာရေးဝန်ကြီးဌာနက ၂၀၁၃-၂၀၁၄ ပညာသင်နှစ် မစတင်မီ နဝမတန်း အဆင့် ကျရှုံးထားသူများအတွက် ဒသမတန်းဝင်ခွင့် စာမေးပွဲများကို သက်ဆိုင်ရာ မြို့နယ်အလိုက် ကျင်းပခဲ့ဖူးပြီး ယခုနှစ် ကျရှုံးသူများ အတွက်မူ ညွှန်ကြားချက် မရရှိသေးကြောင်း ပညာရေးဝန်ထမ်း တစ်ဦးက ဆိုသည်။ အစိုးရသစ်လက်ထက် ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၏ သဘောတူညီချက်အရ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို မြို့နယ်အဆင့် စစ်ဆေးရန် ဆွေးနွေးခဲ့ပြီး အကောင် အထည် ဖော်မည့်နှစ်ကိုမူ မထုတ်ပြန်ခဲ့ချေ။ မြန်မာနိုင်ငံတွင် အဋ္ဌမတန်းနှင့် နဝမတန်း ကျောင်းသား ၊ ကျောင်းသူအားလုံး ရှစ်သိန်းကျော် ရှိကြောင်း ပညာရေးဝန်ကြီးဌာနက စုံစမ်း သိရှိရသည်။
The Voice

No comments:

Post a Comment