Friday 7 March 2014

မိုးကုတ်ရွှေဆိုင်ဓားပြမှု တရားခံသုံးဦး အဖွဲ့အစည်းတစ်ခုနှင့်ဆက်နွယ်နေ၍ဖမ်းဆီးမရမိသေး

ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့ အောင်ချမ်းသာဈေးတွင် ဇန်န၀ါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓားပြ တိုက်မှုတွင် ပါဝင်ခဲ့သော တရားခုနစ်ဦးအနက် လေးဦး ဖမ်းဆီးရမိကာ သုံးဦးမှာ အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်နေ၍ သွားရောက်ဖမ်းဆီးခြင်းမရှိသေးကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး ဦးဇော်မင်းဦးက မတ်လ ၆ ရက်၌ မဇ္ဈိမကို ပြောသည်။
“မိုးကုတ်ရွှေဆိုင်ဓားပြတိုက်မှုမှာ ပါဝင်တဲ့ တရားခံလေးဦးကို ဖမ်းဆီးရမိထားပြီ ဖြစ်ပါတယ်။ ဆက်စပ်တဲ့ တရားခံတွေကိုတော့ ဖမ်းဆီးဖို့အတွက် အနီးဝန်းကျင်မှာ တိုက်ပွဲငယ်တွေ ဖြစ်နေတဲ့အတွက် တရားခံကို သွားရောက်ဖမ်းဆီးဖို့ မဖြစ်နိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးရမိသည့် တရားခံလေးဦးအား စစ်ဆေးမေးမြန်းလျက်ရှိကာ လက်ရှိအချိန်တွင် ဓားပြများထံမှ ရွှေ ထည်ပစ္စည်းအားလုံးနှင့် လက်နက်များကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။ သို့အတွက် ဖမ်းဆီးရမိသည့် တ ရားခံများအား ထိရောက်သော ပြစ်ဒဏ်ပေးနိုင်ရေး အတွက် သက်သေခံပစ္စည်းများ ရှာဖွေမှုကို ဆက် တိုက် လုပ်ဆောင်နေသည်။

“တရားခံတွေက သေနတ်အတို၊ အရှည်တွေ ကိုင်ဆောင်ပါတယ်။ အဲဒါတွေကို အဖွဲ့အစည်းတစ်ခုကနေ ငှားရမ်းပြီး လုပ်ဆောင် တယ်လို့ဆိုတဲ့အတွက် ငှားရမ်းပေးတဲ့သူကို ဖမ်းဆီးရမိဖို့ လုပ်ဆောင်နေပါတယ်” ဟု ဒု-ရဲမှူးကြီးက ပြောသည်။

ဖမ်းဆီးရမိသူများက မည့်သည့်အဖွဲ့အစည်းထံမှ လက်နက်များရရှိသည်ကို ဖော်ထုတ်ပြောကြားခြင်း မရှိသေးဘဲ ရွှေထည်ပစ္စည်း အနည်းငယ်ကိုသာ ရွှေဆိုင်တစ်ဆိုင်တွင် ရောင်းချခဲ့သည်ဟု ဆိုသဖြင့် သွား ရောက်စစ်ဆေးခဲ့ရာ ရွှေရည်ကြို ထားပြီးဖြစ်သဖြင့် သတ်မှတ်အလေးချိန်အတိုင်း သိမ်းဆည်းထားသည်။

ကျန်ရှိသော ရွှေထည်ပစ္စည်းများအတွက် သတင်းအတိအကျမရှိသေးဟု ၎င်းက ဆက်ပြောသည်။ ဖမ်းဆီးရမိသော တရားခံလေးဦး ကို ဓားပြမှု၊ လူသတ်မှု၊ လက်နက်မှု သုံးမှုဖြင့် လတ်တလောအချိန်တွင် အမှုဖွင့် ထားသည်ဟု ဆိုသည်။ ဇန်န၀ါရီလ ၂၁ ရက်၊ မွန်းလွဲ၂ နာရီခန့်က မိုးကုတ်မြို့၊ အောင်ချမ်းသာဈေး ရှိ ရွှေဆိုင် နှစ်ဆိုင်တွင် ဓားပြတိုက်ခဲ့ရာ ရွှေငါးပိဿာခန့် (တန်ဖိုး ကျပ်သိန်း ၄,၅၀၀ ဖိုးခန့်) လုယက်ခံခဲ့ ရသည်။ လုယက်သူက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ သည်။

Mizzima - News in Burmese

No comments:

Post a Comment