Sunday 23 March 2014

ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြု မခံခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် အများဆုံးစုဝေး

၁၉၉၀ ပြည့်နှစ်၊ မေ ၂၇ ရက်က ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံသည့် အခမ်းအနားကို မတ် ၂၂ ရက်က ရန်ကုန် တိုင်းဒေသကြီး ဗဟန်းမြို့နယ်အတွင်းရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ရာ ၁၉၉၀ ရွေးကောက်ပွဲနိုင် လွှတ်တော်ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်အဖြစ် အများဆုံး စုဝေးတွေ့ဆုံ ခဲ့ကြသည်။

ထိုတွေ့ဆုံပွဲသို့ ၁၉၉၀ ပြည့်နှစ်က အပြတ်အသတ် အနိုင်ရခဲ့သည့် NLD ပါတီ မှ လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကြပြီး သဘာပတိအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ဥက္ကဋ္ဌ ရှမ်းပြည် နယ် သီပေါမြို့ မဲဆန္ဒနယ်အမှတ်(၁) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးခွန်ထွန်းဦး က ပြုလုပ်ခဲ့သည်။ အခမ်းအနားမှူးများအဖြစ် ဦးလှသိန်း၊ ရန်ကုန်တိုင်း တာမွေမြို့နယ်မဲ ဆန္ဒနယ် အမှတ်(၁)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဒေါက်တာ စိန်မြင့်၊ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် အမှတ်(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့က ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံရသူ ၄၈၅ ဦးရှိခဲ့ပြီး ထိုအခမ်းအနားသို့ သက်ရှိထင်ရှားရှိနေသည့် အမတ် ၁၆၀ ဦး တက်ရောက်ခဲ့ကြောင်း ဦးဒေးဗစ်လှမြင့်က ပြောကြားခဲ့ကာ ကွယ်လွန်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက် အတိအကျ မသိရှိရသေးကြောင်း နှင့်ကွယ်လွန်သွားသည့် အမတ်များ၏ မိသားစုများနှင့် ဖိတ်ကြားထားသူ များ စုစုပေါင်း ၃၅၀ ခန့် တက်ရောက်ခဲ့သည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၉၃ ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနည်းဆုံး ကိုယ်စား လှယ်တစ်ဦးအထိ ရွေးကောက်တင်မြှောက်ခံရသော ပါတီ ၂၇ ပါတီ ရှိခဲ့သည်။အဆိုပါ ပါတီများ အနက် NLD ပါတီမှ ၃၉၂ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ၂၃ ဦး၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၂ ဦး၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ငါးဦး၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သုံးဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၁၀ ဦး၊ အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီမှ လေးဦး၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ကရက်မှ သုံးဦးတို့ ရွေးကောက်တင်မြှောက် ခံခဲ့ရသည်။

ထိုအချိန်က စစ်အစိုးရခေါင်းဆောင်ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးစောမောင်က ၁၉၈၉ ခုနှစ် မတ် ၂၇ ရက်တွင် ပြုလုပ်သော (၄၄) ကြိမ်မြောက် တော်လှန်ရေးနေ့တွင် “ရွေးကောက်ပွဲပြီးရင် လိုအပ်တာတွေဆောင်ရွက်ပြီးတဲ့နောက် ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေနဲ့အညီ ရွေးချယ်တင်မြှောက်တဲ့ အစိုးရသစ် ပေါ်ပေါက်လာ မှာဖြစ်တယ်။ အဲဒီအစိုးရသစ်အနေနဲ့ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရာမှာ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် အစွမ်းဆောင်နိုင်ဆုံး ဖော်ဆောင်သွားနိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်။ ဒို့ တပ်မတော်သားတွေအဖို့ကတော့ စစ်တန်းလျားကို ပြန်သွားပြီး ဒို့ရဲ့ မူလအဓိက တာဝန်ကြီးဖြစ်တဲ့ ခုပြောကြားရာမှာပါဝင်တဲ့ တာဝန်ကြီးတွေကို ဦးလည်မသုန် ဆက် လက် ကြိုးပမ်းသွားရမှာ ဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

အခမ်းအနားတွင် ပထမဦးစွာ သဘာပတိ ဦးခွန်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားရာ တွင် “ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက အလိမ်အညာ ခံခဲ့ရတာပါ။ အခုအချိန်မှာ လူမစုံတော့သည့်တိုင်အောင် လုပ်ရမယ့် အလုပ်တွေ၊ ကျွန်တော်တို့လှမ်းရမယ့် ခရီးတွေကတော့ ကျန်နေပါသေးတယ်။ တချို့ဆိုရင် ကျွန်တော်တက်လာတော့ လက်စွဲနှုတ် ဆက် ရင်းနဲ့ မသေလို့ ပြန်တွေ့ကြရတာပဲလို့ ပြောခဲ့မိကြပါတယ်။ ဒါကလည်း မှန်သောစကား ပါပဲ။ ကျွန်တော်တို့တွေဟာ ရိုးသားပြီး စစ်မှန်တဲ့ရွေးကောက်ပွဲကနေ ရွေးချယ်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တော်တွေ ဖြစ်ပါတယ်”ဟု ပြောကြားသည်။ ဆက်လက်ပြီး ၎င်းက ၁၉၉၀ ပြည့်နှစ်က ရွေးကောက်ခံ ကိုယ်စားများအား အစိုးရက ပြန်တမ်းဝင်မှတ်တမ်းတွင် ယနေ့တိုင် မပယ်ဖျက်သေးကြောင်းနှင့် ထိုသို့ မပယ်ဖျက်သေးခြင်းကြောင့် တရားဝင်လွှတ်တော် ကိုယ်စားလှယ်များအဖြစ်ရှိ နေသေးသည်ဟုလည်း ပြောကြားသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပေးသော်လည်း ရွေးချယ်ခံရသည့် သူများအား လွှတ်တော်မခေါ်ပေးခဲ့ခြင်းက သမိုင်းတွင် အလွန်ကြီးမားသည့် အမှားတစ်ခုအဖြစ် သမိုင်းတွင်ခဲ့ကြောင်း ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေအရ ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲသည် အငြင်းပွားဖွယ်ရာများ ရှိနေခဲ့သည်ဟု ပြောကြားသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးပါက အနိုင်ရပါတီအား အာဏာအပ်ပြီး စစ်တန်းလျားပြန်မည်ဟု ကတိပေးခဲ့သော်လည်း စစ်တန်းလျားသို့ မပြန်ခဲ့ဘဲ အမျိုးသားညီလာခံတစ်ခုကို ခေါ်ယူကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် အခြေခံ ဥပဒေ တစ်ခုကို ရေးဆွဲနိုင်ရန်အတွက် အခြေခံမူ ၁၄ ချက်ကို ချမှတ်ခဲ့ကာ ကိုယ်စားလှယ် များအား အတင်းအဓမ္မညီလာခံသို့ တက်ခိုင်းခဲ့သည်ဟုလည်း ပြောကြားသည်။ SNLD ပါတီအနေနှင့် ၂၀၀၈ အခြေခံဥပဒေကို လက်မခံခဲ့ကြောင်းနှင့် အမှန်တရား တစ်ခု ပေါ်ပေါက်လာစေရန်နှင့် လွတ်လပ်ပြီး တရားမျှတသည့် ဒီမိုကရေစီစနစ် ရရှိစေရန်အတွက် ဆက်လက်ကြိုးပမ်းရမည်ဟုလည်း ပြောကြားသည်။

ဦးခွန်ထွန်းဦးက နောက်ဆုံးပိတ်အနေဖြင့် ဆက်လက်ပြီး “ပြည်သူတွေပေးခဲ့တဲ့ တာဝန်မကျေ ခဲ့လို့ ပြည်သူတွေကို အများကြီးတောင်းပန်ပါတယ်။ အကယ်၍ အခွင့်အရေးရမည်ဆိုရင် ဒီထက်ကောင်းတဲ့ နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှာပါ။ ယခုထိတိုင် နည်းအမျိုးမျိုးနဲ့ နိုင်ငံ့အာဏာကို ချုပ်ကိုင်နေတဲ့ လူတွေကြောင့် တိုင်းပြည်ကလည်း တစ်နေ့တခြား ဆင်းရဲတွင်းနက်လာတယ်၊ ကျန်းမာရေး၊ ပညာရေးတွေအားလုံးလည်း နိုင်ငံမှာ ချွတ်ခြုံကျနေ တယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ အကျိုးကို ၀ိုင်းဝန်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းလို တယ်”ဟု ဆိုသည်။

ထိုအခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီဝင် ဦးအေးသာအောင်ကလည်း မိန့်ခွန်းပြောကြားခဲ့သလို၊  ၁၉၉၈ ခုနှစ်က သာယာဝတီအကျဉ်းထောင်အတွင်း ကွယ်လွန်ခဲ့ရ သည့် မကွေးတိုင်း၊ ထီးလင်းလွှတ်တော်အမတ် ဦးစောဝင်း၏ ဇနီးဒေါ်ခင်တိုးဝင်း အား ကွယ်လွန်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ မိသားစုများကိုယ်စား စကားပြောကြားခွင့် ပေးခဲ့သည်။ ဒေါ်ခင်တိုးဝင်းက “ဦးစောဝင်းကို မဲထည့်ပေးခဲ့တဲ့ မဲဆန္ဒရှင်ပြည်သူတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ဒီနေရာကနေ ပြောချင်ပါတယ်။ မဲဆန္ဒရှင်တွေကို အခုမှ ကျေးဇူးတင်ကြောင်း ပြောရတဲ့အတွက်လည်း များစွာအားနာပါတယ်။ ကျွန်မရဲ့ခင်ပွန်းကို ၁၉၉၂ ခုနှစ်ကတည်းက ဖမ်းဆီးသွားပြီး ၁၉၉၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပေမယ့် မိသားစုအနေနဲ့ သင်္ဂြိုဟ်ခွင့်တောင် မရလိုက်ပါဘူး။ တစ်ချိန်တည်းမှာပဲ တတိယမြောက်သားဟာ နိုင်ငံရေးလုပ်လို့ အဖမ်းခံနေရချိန်လည်း ဖြစ်ပါတယ်။ ကျွန်မခင်ပွန်း သေဆုံးတဲ့အချိန်မှာ ကျွန်မရဲ့ ဒုတိယသား ဆလိုင်းရောအောင်ဟာ က လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ မြန်မာပြည်ရဲ့ပြင်ပမှာ ရှိနေခဲ့ပါတယ်။ ကျွန်မရဲ့သားအကြီးနဲ့ ကျွန်မရဲ့မြေးဖြစ်တဲ့ ဒီငြိမ်းလင်းဟာလည်း ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံခဲ့ရပါတယ်။ ဒီနေ့အထိ ကျွန်မတို့ မိသားစုဟာ ဒီမိုကရေစီအရေးအတွက် ဆက်လက်လှုပ်ရှားနေဆဲပဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ယနေ့အထိ ပြည်သူလူထုကြီးနဲ့ တစ်သားတည်း ရှိနေသေးပါတယ်။ ကျွန်မတို့လို ဒုက္ခမျိုးစုံ ခံခဲ့ရတဲ့ မိသားစုတွေကိုလည်း အမြဲတမ်းအမှတ်တရ ဂုဏ်ပြုနေပါတယ်”ဟု ဆိုသည်။

ထိုတွေ့ဆုံပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် ပါတီအဖွဲ့အစည်းအသီးသီးမှ သ၀ဏ်လွှာများ ပေးပို့ခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment