Monday 17 March 2014

ပဲဈေးကွက် တည်ငြိမ်ရေးအတွက် ဈေးနှုန်းဆွဲတင်၊ ဆွဲချ ဈေးကစားမှုများကို ဖော်ထုတ်အရေးယူသွားမည်

ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း အရောင်းအ၀ယ် ပြုလုပ်နေသူများအား တွေ့ရစဉ်

မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် ပို့ကုန်များအနက် ပဲမျိုးစုံတင်ပို့မှုသည် အများဆုံးအမယ်ထဲတွင် ပါ ၀င်ကြောင်း၊ ထို့ကြောင့် ပဲဈေးကွက် တည်ငြိမ်ရေးကို ထိခိုက်အောင် ဈေးနှုန်းဆွဲတင်၊ ဆွဲချ ဈေးကစားမှု များ ကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က မတ် ၁၆ ရက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ အကြိမ်(၂၀)မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး အခမ်းအနားတွင် ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်က ပဲအရောင်းအ၀ယ် လောကအတွင်း ပဲလက်ကြီး ရောင်းဝယ်သူအချို့က ကြိုရောင်းကြိုဝယ်နှင့် ဈေးကစားမှုများ၊ DO လက်ဆင့်ကမ်း ရောင်းချမှုများ ပြုလုပ်ခဲ့ကြသည့်အတွက် ပဲအရှုပ်အရှင်း ပြဿနာများ ဖြစ်ပေါ်ခဲ့ရပြီး ငွေကျပ်ပေါင်း ၂၀၆ ဘီလျံကျော် အကြွေးများ ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

“မကြာခဏ ဆိုသလိုပဲ အရောင်းအ၀ယ်လောကမှာ ကြိုရောင်းကြိုဝယ် ကိစ္စတွေ၊ DO လက်ဆင့်ကမ်း ရောင်းချတာတွေ ငွေအလွဲသုံးစားမှုနဲ့ လိမ်လည်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ပဲ၊ နှမ်းအသင်းနဲ့ UMFCCI တာဝန်ရှိသူတွေ စနစ်တကျနဲ့ ထိန်းကျောင်းမှုတွေ ပြုလုပ်သွားဖို့ လိုအပ်ပါတယ်” ဟုလည်း ပြည်ထောင်စု ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

“ပဲလုပ်ငန်းမှာ ကုန်သည်ကြီးရှိတယ်။ ကုန်သည်လတ်ရှိတယ်၊ ကုန်သည်အငယ်တွေရှိတယ်။ ကုန်သည်ကြီး က ကုန်သည်အငယ်တွေကို လက်တွဲခေါ်ရမှာပေါ့။ ကုန်သည်အငယ်တွေက export မလုပ်နိုင်ဘူး ဆိုရင်လည်း သူတို့ဆီက၀ယ်ပေါ့။ ကုန်သည်ကြီးတွေက လက်ဝါးကြီးအုပ်ထားတာမျိုး မဖြစ်သင့်ဘူး” ဟုလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု အခြေအနေအရ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံတန်ချိန် ၄ ဒသမ ၄၉၉ သိန်း၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၉၃၈ ဒသမ ၄၁၉ သန်း၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၁၄ ဒသမ ၅၂၇ သိန်း၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁၂၀ ဒသမ ၈၄၂ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၅ ဒသမ ၁၁၀ သိန်း၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀၀၈ ဒသမ ၄၆၂ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ ပဲမျိုးစုံတန်ချိန် ၁၁ ဒသမ ၇၈၃ သိန်း၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၈၀၅ ဒသမ ၅၄၁ သန်း တင်ပို့ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

“မြန်မာ့ပဲမျိုးစုံ အဓိက ၀ယ်ယူနေတဲ့ အိန္ဒိယနိုင်ငံ လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌာနရဲ့ ဒုတိယအကြိမ် ခန့်မှန်းချက်အရ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ပဲစဉ်းငုံတန်ချိန် (၃ ဒသမ ၃၄ သန်း)၊ ကုလားပဲ ၉ ဒသမ ၇၉ သန်း၊ ပဲတီစိမ်း ၁ ဒသမ ၂၈ သန်း အပါအ၀င် စုစုပေါင်းပဲမျိုးစုံတန်ချိန် (၁၉ ဒသမ ၇၇) သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်” ဟုလည်း ဦးဝင်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment