Thursday 30 January 2014

မြင်သာ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနရုံး၌ အာမခံရုံးခွဲ လာရောက် ဖွင့်လှစ်မည် ဆိုပါက နေရာ စီစဉ်ပေးမည်

ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ မြင်သာကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ရုံးတွင် အာမခံရုံးခွဲ လာရောက် ဖွင့်ပေးမည်ဆိုပါက နေရာစီစဉ်ပေးမည်ဖြစ်ကြောင်း မြင်သာ က-ည-န ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''ယာဉ်သက်တမ်းတိုးဖို့ လာတဲ့ ယာဉ်ပိုင်ရှင် တော်တော်များများကတော့ က-ည-န ရုံးမှာ အာမခံရုံးခွဲ ရှိစေ ချင်ကြောင်း အကြံပြု ရေးသားကြတယ်။ အာမခံရုံးခွဲ ဖွင့်ဖြစ်ရင်တော့ နေရာ စီစဉ်ပေးဖို့ ရှိပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အဆိုပါ မော်တော်ယာဉ် သက်တမ်းတိုးရာတွင် မော်တော်ယာဉ်၊ ယာဉ်မှတ်ပုံတင်စာအုပ် (အုံနာဘုတ်) နှင့် ယာဉ် သက်သေခံ လက်မှတ် (အဝိုင်း)၊ အာမခံ/ စည်ပင်ဘီးခွန်၊ သက်တမ်းတိုး လာရောက်သူ၏ ဓာတ်ပုံ အထောက်အထား မူရင်း+မိတ္တူ အစရှိသည့်တို့ ပါရှိရမည် ဖြစ်ကြောင်း သိရသည်။ ယခုအခါ မော်တော်ယာဉ် သက်တမ်းတိုးရာတွင် လိုအပ်သည့် အချက်အလက်များကို က-ည-န ရုံးတွင် အဆင်ပြေစွာ လုပ် ကိုင်နိုင် သော် လည်း အာမခံလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့ထဲရှိ လမ်း (၃ဝ) အောက်ဘလောက်သို့ သွားရောက် ဆောင်ရွက်ရကြောင်း သိရသည်။

''ကျန်တာတွေ အကုန် အဆင်ပြေတယ်။ အာမခံ လုပ်ရတာ တစ်ခုပဲ အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြို့ထဲသွားရတာ အချိန် ပိုကုန်တယ်။ ကားလမ်းတွေကလဲ ကျပ်တယ်။ မြင်သာ က-ည-န ရုံးမှာ လာဖွင့် ရင်တော့ အားလုံး အဆင်ပြေမှာပါ'' ဟု ယာဉ်သက်တမ်းတိုး လာရောက် ဆောင်ရွက်သူ တစ်ဦး၏ ပြောကြား ချက် အရ သိရသည်။

ဇာနည်မောင်
မြ၀တီ

No comments:

Post a Comment