Thursday 30 January 2014

ကချင်စကားမပြောတတ်သော ဒေသခံရွာသားများအား KIA အဖွဲ့မှ ညှဉ်းပန်းနှိပ်စက်ပြီး ငွေကြေးတောင်းယူ

ကချင်ပြည်နယ် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာနှင့် ခါ့ပရာကျေးရွာအကြား ခါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း များ၌ သစ်တင်ရောင်ချနေသော မံသာကျေးရွာနေ ရွာသား(၆)ဦးကို ဇန်န၀ါရီ ၁၃ ရက်နေ့ နေ့လယ် ၂ နာရီ ခန့်တွင် KIA အဖွဲ့ဝင်များမှ ပြင်းထန်စွာ ထိုးကြိတ်ရိုက်ပုတ်နှိပ်စက်ပြီး ငွေခြောက်သောင်း တောင်းယူမှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။


``မိုင်းခေါင်ရွာ ရောက်ခါနီး ဆိုင်ကယ်ပျက်နေတဲ့ လူ(၂)နှစ်ယောက်တွေ့ တာနဲ့ ကျွန်တော်တို့က ဆိုင်ကယ် ရပ်ပြီး ၀ိုင်းကြည့်ပေးတာပါ။ အဲဒီအချိန်မှာ KIA အဖွဲ့က စစ်သားတွေ ရောက်လာပြီး ဟိုမေးဒီမေး လုပ်တယ်။ ကျွန်တော် တို့က အမှန်အတိုင်း ဖြေတာပါ။ ဒါကို ကချင်လိုပြောပြီး ကျွန်တော်တို့ကို ရိုက်တော့တာပဲ´´ ဟု ဗန်းမော်ဆေးရုံတွင် ဆေးကုသနေသော ကိုသန်းဝင်းက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒါ့ပရာကျေးရွာရှိ သစ်အ၀ယ်စခန်း၌ သစ်ရောင်းပြီး ပြန်လာသော ကိုသန်းဝင်း (၄၂)နှစ်၊ ကိုသန်းဇော်ဦး(၃၇)နှစ်၊ မောင်ဝင်းဆန်းဦး(၁၈)နှစ်၊ ကိုကျော်မြင့်(၃၅)နှစ်တို့သည် မိုင်းခေါင်ရွာ အနီးတွင် သစ်တင်ထားပြီး ဆိုင်ကယ်ပျက်နေကြသည့် ကိုတင့်ခိုင်(၃၅)နှစ်နှင့် ကိုသန်းစိုး(၃၂)နှစ်တို့အား ကူညီ ပေးနေကြစဉ် KIA တပ်ဖွဲ့ဝင်(၃)ဦး ရောက်လာပြီး တရုတ်မဆီ သစ်သွားရောင်းမှာပါဟု ပြောရုံဖြင့် ဘာမပြော ညာမပြော ၀င်ရိုက်ခြင်းဖြစ်ကြောင်း သိရသည်။

``လက်သီးနဲ့ထိုး၊ သေနတ်ဒင်တွေနဲ့ထုတော့ မလုပ်ဖို့တောင်းပန်ပါတယ်။ မရဘူး၊ ၀ါးလုံးနဲ့ထပ်ရိုက်လို့ ကျွန်တော်လည်း လဲကျသွားတယ်၊ သူတို့ စီးထားတဲ့ ပြောက်ကျားဖိနပ်တွေနဲ့ ကျွန်တော့်ကို ၀ိုင်းကန်ကြတယ်။ တစ်ကိုယ်လုံးကို ရစရာမရှိအောင် ရိုက်ကြတယ်။ ဘယ်ဘက်နားရွက်ကွဲပြီး နားခေါင်းသွေးတွေ ထွက်ကျ လာတယ်။ အသက်ရှုကြပ်ပြီး သတိလစ် သလိုဖြစ်သွားလို့ ရိုက်တာရပ်သွားတယ်´´ ဟု ကိုသန်းဝင်းက ဆက်လက် ပြောသည်။

၎င်းအား ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ပြီး ကျန်(၅)ယောက်ဘက်သို့ ရိုက်ရန်လှည့်စဉ် ဆရာတို့ရယ် မလုပ်ပါနဲ့ဟု ပြောသော သန့်ဇင်ဦးကို မဲပြီး ပါးရိုက်နားရိုက် လက်သီးနဲ့ထိုးပြီး ဖိနပ်များနှင့်ကန်ကြောက်ကြကြောင်း၊ ဆရာ မဟုတ်ဘူး ဆလန်ကဘာကွ၊ ဆလန်ဘာဆိုတာ တိုက်နယ်မှူးကို ခေါ်တာဟုပြောပြီး သေနတ်ဖြင့် ရင်ဝကိုပစ် ခဲ့ကြောင်း၊ ကျည် မထွက်သောကြောင့် နောက်ထပ်ထိုးကြိတ်ရိုက်နှက်ရာ မျက်နှာတစ်ပြင်လုံး ကွဲပြဲဖူးရောင်ပြီး နှာခေါင်း ရိုးလည်းကျိုးသွားကြောင်း၊ သွေးထွက် အရမ်းများ၍ အတော်လန့်သွားကြောင်းနှင့် မံသာကျေးရွာ ဆေးခန်း၌ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

``ကျွန်တော့်နား နှစ်ဖက်ကိုလည်း လက်ဝါးနှစ်ဖက်နဲ့ အသကုန်ပိတ်ရိုက်ပြီး ၀ါးလုံးကွဲအောင် တောက်လျှောက် ရိုက်တယ်ဗျာ၊ အခုကျွန်တော့် နားတွေ အူနေတယ်၊ ခြေသလုံးတွေလည်း ရောင်နေတယ်။ ဘယ်မှမသွားနိုင် ဘူး´´ ဟု ကိုကျော်မြင့်က လည်း ပြောကြားသွားသည်။

ဗန်းမော်မြို့ ပြည်သူ့ဆေးရုံဝန်ထမ်းတစ်ဦးက``ဒဏ်ရာတွေက မြင်လို့တောင်မကောင်းပါဘူး။အခုနှိပ်စက်ခံ ရတာက သာမန်ပြည်သူတွေပါ။ KIA က သေနတ်ကိုင်ထားပြီး အခုလို လူမဆန်စွာနှိပ်စက်တာကတော့ လက်ခံ စရာအကြောင်း မရှိပါဘူး။ တကယ်တော့ ကချင်စကားမပြောတတ်လို့ နှိပ်စက်ခံရတဲ့သဘောပါ။ KIA က ကချင်စကား မပြောတတ်တဲ့ လူမှန် သမျှအပေါ် အခုလို ဆက်ဆံနေဦးမှာပဲ၊ အခုလို ကျူးလွန်တဲ့သူတွေကို KIA ခေါင်းဆောင်တွေက ဖော်ထုတ်ပြီး ၀န်ချတောင်းပန်ခိုင်းရမှာပေါ့၊ လူသားချင်းစာနာသောအားဖြင့် ထိခိုက်နစ်နာ သူတွေကို ဆေးဖိုးဝါးခနဲ့ ဓါးပြတိုက်သလို တောင်းသွားတဲ့ ငွေတွေပြန်ပေးသင့်တယ်၊ လက်နက် အားကိုးနဲ့ လက်နက်မရှိတဲ့ ပြည်သူကို နှိပ်စက်တာလောက် အောက်တန်း ကျတာမရှိပါဘူး´´ ဟု ပြောကြားသွားခဲ့သည်။

နော်မိုင်

No comments:

Post a Comment