Tuesday 19 November 2013

အပစ်အခတ်ရပ်စဲရေး မူကြမ်းတစ်စောင်အား ဒီဇင်ဘာမတိုင်မီ အစိုးရကို တင်ပြကာ မူကြမ်းညှိနှိုင်း ကြည့်မှသာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက် ရှိမရှိ သိရမည်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား

တိုင်းရင်းသားအဖွဲ့ အသီးသီး၏ အမြင်များပါသည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းတစ်စောင်အား ဒီဇင်ဘာမတိုင်မီ အစိုးရကို တင်ပြသွားမည်ဖြစ်ကာ ယင်းမူကြမ်း ညှိနှိုင်းသည့် အချိန်ရောက်မှ သာ နိုင်ငံရေး ဆွေးနွေးပွဲအတွက် အာမခံချက် ခိုင်မာမှု ရှိမရှိ သိရမည်ဟု ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က နိုဝင်ဘာ ၁၈ ရက် တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Business Alliance ဟိုတယ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား သည်။
ဗိုလ်ချုပ်ဂွမ်မော်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာညီလာခံတွင် ဖွဲ့စည်းခဲ့သော တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တိုင်းရင်းသားအဖွဲ့ အသီးသီး၏ အမြင်များပါသည့် မူကြမ်းရေးဆွဲရန်အတွက် ထိုင်းနိုင်ငံသို့ သွားရောက်ရန် ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းက ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ယခုနှစ်အတွင်း၌ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခြင်း ရှိမရှိဆိုသည်မှာ နှစ်ဖက်စလုံးမှ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ်အပေါ်တွင် ပြင်ဆင်မှု၊ လုပ်ဆောင်မှုများအပေါ် မူတည်ကြောင်းနှင့် လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးစာချုပ်အတွက် ကြိုးစားနေချိန် ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်သည် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် အာမခံချက်ရှိမရှိနှင့် ပတ်သက်၍ ဗိုလ်ချုပ်ဂွမ်မော်က ''နိုဝင်ဘာ ၄ ရက် ညနေမှာ ၀န်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ ဆွေးနွေးရေး အဖွဲ့က ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့တွေကို စာချုပ်မူကြမ်းတစ်စောင် ပေးထားပါတယ်။ အခုတိုင်းရင်းသားအဖွဲ့ အသီးသီးက ဒီမူကြမ်းကို လေ့လာနေဆဲ ဖြစ်ပါတယ်။ ဒီဇင်ဘာလ မတိုင်ခင် ကျွန်တော်တို့ဘက်က မူကြမ်းတစ်စောင် တင်သွင်းဖို့ ရှိပါတယ်။ ကျွန်တော်တို့ဘက်က ဖြစ်စေချင်တာက အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ပြီးတဲ့နောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲကို အမြန်ဆုံးသွားနိုင်ဖို့ အာမခံချက် လိုချင်ပါတယ်။ အာမခံချက်တွေ ဘယ်လောက်ခိုင်မာမလဲ ဆိုတာကတော့ ကျွန်တော်တို့ဘက်က မူကြမ်းကို ရေးဆွဲပြီးမှ သူတို့နဲ့ ပြန်ညှိတဲ့ အချိန်မှာပဲ သိရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
''ကျွန်တော်တို့ ဒီလ ၂၀ ရက်နေ့မှာ အဖွဲ့အစည်း အသီးသီးရဲ့ အမြင်များကိုစုမှာ ဖြစ်ပါတယ်။ ၂၀ ရက်နေ့မှာ အဖွဲ့အသီးသီးရဲ့ အမြင်များကိုစုပြီးမှ ဒီအမြင်တွေအပေါ်မှာ အခြေခံမယ်၊ ပြီးရင် အစိုးရဘက်က ပေးထားတဲ့ Proposal အပေါ်ကိုကြည့်ပြီး နောက်ထပ်မူကြမ်း တစ်စောင်ပေါ့။ ကျွန်တော်တို့ဘက်က အမြင်တွေပြန်ပြီး အစိုးရကိုတင်ပြဖို့ လုပ်နေပါတယ်'' ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆက်လက် ပြောကြားသည်။

No comments:

Post a Comment