Tuesday 19 November 2013

တပ်မတော်၏ အခွင့်အရေးများကို လျှော့ချလိုခြင်းမဟုတ်ဘဲ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့်၊ ပြည်သူလေးစားချစ်ခင်သည့် မြင့်မြတ်သော တပ်မတော်ကောင်းတစ်ခု ဖြစ်စေလိုသည့် အတွက်သာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

8.1.1
နို၀၀်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် NLD ပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ပြည်သူ့ သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းခဲ့ပြီး ပါတီဝင်များ ၊ ထောက်ခံသူများနှင့် ဒေသခံများ တက်ရောက်နေသည်ကို တွေ့ရစဉ်
တပ်မတော်၏ အခွင့်အရေးများကို လျှော့ချလို၍ မဟုတ်ဘဲ ဒီမိုကရေစီစနစ်နှင့် ကိုက်ညီသည့် ပြည်သူ များ လေးစားချစ်ခင်သည့် မြင့်မြတ်သည့် တပ်မတော်ကောင်း တစ်ခု ဖြစ်စေလိုသည့် အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန် တိုက်တွန်းခြင်းဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူပွဲတွင် ပြောကြားသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ မိမိနှင့် တပ်မတော်တို့အကြား စိတ်ဝမ်းကွဲအောင် ရန်တိုက်ပေးမှုများ ရှိနေခြင်းကြောင့် နှစ်ဦးနှစ်ဖက် အမြင်ရှင်းလင်းမှုရှိအောင် ပြော ကြားခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် တပ်မတော်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ''ဖေဖေပြောတဲ့ စကား တစ်ခွန်းကို ပြောမယ်။ ကျွန်မအမြဲပြောတယ်။ ဘယ်အချိန်ပြောပြော မရိုးတဲ့စကားတစ်ခွန်း ဖြစ်ပါ တယ်။ တိုင်းပြည်ဟာ တပ်မတော်ရဲ့ အစေခံ မဖြစ်ရဘူး။ တပ်မတော်ဟာ တိုင်းပြည်ရဲ့ အခြေခံဖြစ်ရမယ်။ တိုင်းပြည်ရဲ့ အခြေခံဆိုတာ အင်မတန်မှ သိက္ခာရှိတဲ့ နေရာပါ။ အင်မတန်မှ သိက္ခာရှိတဲ့ တာဝန် တစ်ခု ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အခြေခံတဲ့ ခိုင်မာတဲ့နေရာ ဖြစ်ပါတယ်။ ဒီတော့ ကျွန်မတို့ တိုင်းပြည်ကို အကျိုးပြုဖို့ တည်ထောင်ခဲ့တဲ့ တပ်မတော်ဖြစ်လို့ ဒီတပ်မတော်က ဒီရည်ရွယ်ချက်အရ ဆက်ပြီး ယုံကြည်လို့ ပြောင်းလဲရေးကို တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
ဖွဲ့စည်းပုံအရ တပ်မတော် အနေဖြင့် မယူသင့်သည့် နေရာကို ယူမထား စေလိုသည်မှာ တပ်မတော်အပေါ် အမှန်တကယ် စေတနာထား၍ ဖြစ်ကြောင်း၊ မိမိတန်ဖိုးထား လေးစားသည့်သူ မဟုတ်မမှန်သည်ကို မလုပ်စေချင်ကြောင်း၊ ထို့ကြောင့် ပြည်သူများသည် ၎င်းတို့ချစ်သည့် တပ်မတော်ကို မှန်ကန်သည့်၊ သိက္ခာရှိသည့် နေရာတွင် မြတ်နိုးလေးစားစွာ ထားချင်သည်မှာ မှန်ကန်သည့် စိတ်ထားဖြစ်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မှန်မှန်ကန်ကန် ပြောင်းလဲရန်အတွက် တိုက်တွန်းရခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
''တပ်မတော်သား ကိုယ်စားလှယ်များကိုလည်း ပြောချင်ပါတယ်။ တိုင်းပြည်အကျိုးကို ကြည့်ပါ၊ အမှန်တကယ်ပဲ တိုင်းပြည်အပေါ် စေတနာ ရှိတယ်ဆိုရင် တပ်မတော်ရဲ့ အခြေအနေ၊ အနေအထားကို ပြန်ကြည့်စရာ မလိုပါဘူး။ ကိုယ့်တိုင်းပြည် တောင့်ရင် တပ်မတော်ပါ တောင့် ပါမယ်။ ပြည်သူလူထုက တပ်မတော်ရဲ့နောက်မှာ မားမားမတ်မတ်ရှိရင် ဘယ်တပ်မတော်မှ ယိမ်းယိုင်မှာ မဟုတ်ပါဘူး'' ဟု ပြောကြားသည်။
ထို့နောက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်လိုခြင်းနှင့် ပတ်သက်၍ အဖွဲ့ချုပ်ဥက္ကဋ္ဌက အစိုးရနှင့်ပြည်သူ သဘောတူညီမျှမှုနှင့် နိုင်ငံတော်ကို အေးချမ်းတည်ငြိမ်စေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေသည် ရှေ့နောက် ညီညွတ်ခြင်း မရှိသော ပုဒ်မများကြောင့် ရေရှည်တည်ငြိမ် အေးချမ်းရေး အတွက် မသင့်တော်သည်ဟု ယူဆကြောင်း၊ ပြည်သူများ၏ အခွင့်အရေး၊ ရပိုင်ခွင့်များကို ကာကွယ်နိုင်ခြင်း မရှိကြောင်း ပြောကြားသည်။
''ကျွန်မတို့ရဲ့ ပြည်သူတွေဟာ တရားမျှတတဲ့ လူ့အဖွဲ့အစည်း အတွင်းမှာ စိတ်ချလက်ချရှိမှသာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ နေနိုင်မှာဖြစ်တယ်။ ဒါကြောင့် ကျွန်မတရားဥပဒေ စိုးမိုးရေးကို ရှေ့တန်းတင် ပြောခဲ့တာဖြစ်တယ်။ ဥပဒေတွေက တရားမျှတရမယ်။ တရားမျှတတဲ့ ဥပဒေတွေက ထိရောက်ရမယ်။ စိုးမိုးရမယ်။ တရားဥပဒေ စိုးမိုးထိရောက်ရေးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆိုင်ပါတယ်။ ဒီမိုကရေစီမှာ မဏ္ဍိုင်ကြီးသုံးခု ရှိပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်က လွတ်လပ်သလားဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဆုံးဖြတ်ပေးတာ ဖြစ်တယ်။ အခု ကျွန်မတို့ရဲ့ တရားစီရင်ရေးမဏ္ဍိုင်ဟာ အစိုးရလို့ခေါ်တဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်အောက်မှာ ရောက်နေတယ်။ ဘာလို့လဲဆိုတော့ သမ္မတကပဲ တရားသူကြီးချုပ်ကို ခန့်အပ်တယ်။ အဲဒါကနေ စတာပေါ့နော်။ ကျွန်မတို့နိုင်ငံမှာ တကယ်ပဲ တရားဥပဒေ စိုးမိုးရေးရှိဖို့ဆိုရင် ဒီဖွဲ့စည်းပုံကို ပြောင်းရမယ်။ တရားရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေး မဏ္ဍိုင်အောက်ကနေ လွတ်မြောက်ရမယ်။ သူ့ဘာသာသူ လွတ်လွတ်လပ်လပ်နဲ့ သန့်သန့်ရှင်းရှင်း နေနိုင်ရမယ်။ ကျွန်မတို့ရဲ့ တရားရေးမဏ္ဍိုင်ဟာ အခုခေတ်မှာ မသန့်ရှင်းဘူးဆိုတာ ပြည်သူတွေအားလုံး သိပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံကို ပြင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
တိုင်းပြည်အပေါ် စေတနာရှိကြောင်း၊ ချစ်ကြောင်း ပြောဆိုနေသည့် သူများသည် အမှန်တကယ် စိတ်ရင်းစေတနာဖြင့် ပြောဆိုနေခြင်း ဟုတ်မဟုတ်ကို သေချာစွာ သိရှိရန်လိုကြောင်း၊ အမှန်တကယ် တိုင်းပြည်အပေါ် စေတနာထားသူ ဆိုပါက တိုင်းပြည်အတွက် နံပါတ်တစ် စဉ်းစားကြောင်း၊ မိမိနှင့် မိမိ အဖွဲ့အစည်းအတွက် မစဉ်းစားကြောင်း၊ ၎င်းတို့သည် တိုင်းပြည်အတွက် မည်မျှအနစ်နာခံရန် အဆင်သင့်ရှိမည်နည်း၊ ၎င်းတို့အကျိုးကို စဉ်းစားခြင်းလား၊ ပြည်သူ့အတွက် စဉ်းစားခြင်းလား၊ မည်မျှအထိ စွန့်လွှတ်မည်နည်း၊ မိမိအခြေအနေ ကောင်းစားရန်အတွက် အဓိက ကြည့်နေသူ ဆိုပါက မည်သူဖြစ်စေ ယုံကြည်ရန် အကြောင်းမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။
8.1.1
NLD ပါတီ နေပြည်တော်တွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားစဉ်
''ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးမှာ တကယ်စေတနာပါလား မပါဘူးလား ဆိုတာကြည့်ပါ။ တခြားဟာတွေ ဘာတွေ ပြောပြော၊ ဘယ်လိုမက်လုံးတွေပဲ ပေးပေး၊ ဘယ်လိုပဲ တိုင်းပြည်အကျိုး လိုလားတယ်ပဲ ပြောပြော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ လိုအပ်တယ်။ ဒါကို မလိုလားဘူး ဆိုရင်တော့ ကျန်တာတွေကိုလည်း တကယ် မလိုလားဘူးလို့ဘဲ သတ်မှတ်ရမှာပဲ။ ပြည်သူတွေက ခွဲခွဲခြားခြား ကြည့်ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ကန့်ကွက်သူ သို့မဟုတ် အဓိက အချက်များကို ပြင်ဆင်ခြင်း မဟုတ်ဘဲ ပြည်သူများ အတွက်ဟု ဆိုကာ အရေးမကြီးသည့် ကိစ္စရပ်များ ပြင်ဆင်သူများကို မည်သည့်အခါမျှ ရွေးကောက်ပွဲတွင် မဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အတွက် လူထုသဘောထားများ ရယူရခြင်းမှာ ဒီမိုကရေစီ နည်းကျသည်ဟု ယုံကြည်သောကြောင့် ရှင်းလင်းခြင်းဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် နားမလည်ဘဲ ထောက်ခံသည်မှာ တန်ဖိုးမရှိကြောင်း၊ နားလည်ထောက်ခံမှသာ တန်ဖိုးရှိကြောင်း၊ ပြည်သူကို လှည့်ဖြား စည်းရုံးမည် မဟုတ်ကြောင်း၊ တိုင်းပြည်အတွက် လိုအပ်သည်ဟု ယုံကြည်၍ ရှင်းပြခြင်းဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုသည့် ပုံစံမျိုးကဲ့သို့ သဘောတူညီချက်မျိုး မိမိတို့အတွက် တန်ဖိုးမရှိကြောင်း၊ အဖွဲ့ချုပ်ကိုဖြစ်စေ၊ မိမိကိုဖြစ်စေ ထောက်ခံ၍မဟုတ်ဘဲ အမှန်တကယ် လုပ်သင့်လုပ်ထိုက် သည်ဟု နားလည်၍ ထောက်ခံသည်မျိုးသာ ဖြစ်စေလိုကြောင်း ပြောကြားသည်။
ဖွဲ့စည်းပုံကို မပြောင်းလဲ လိုသူများကိုလည်း ရန်သူဟု မသတ်မှတ်ဘဲ ဒီမိုကရေစီ သဘောတရားအရ သဘောထား ကွဲလွဲသူများဟုသာ သတ်မှတ်ကြောင်း၊ ၎င်းတို့နှင့်လည်း မိမိတို့အမြင်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလိုကြောင်း၊ မည်သည့်အတွက်ကြောင့် မပြုပြင်လိုသည်ကို ၎င်းတို့အနေဖြင့်လည်း ပီပီပြင်ပြင် ပြောနိုင်ရန် လိုအပ်ကြောင်း၊ ပြည်သူများအား မပြုပြင်သင့်ဟု ပြောဆိုလာလျှင်လည်း ပြည်သူများ အနေဖြင့် မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို မေးပိုင်ခွင့်ရှိရန် လိုအပ်ကြောင်းနှင့် မပြုပြင်ပါက မည်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ကို မေးမြန်းရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူလူထုသို့ ပထမဆုံးအကြိမ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လူထုသဘောထား ရယူပွဲသို့ ပါတီဝင်များ၊ ထောက်ခံသူများ၊ ဒေသခံများ နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့ပြီး ၁၅၀၀၀ ၀န်းကျင်က ဆန္ဒမဲပေး ခဲ့ကြခြင်း ဖြစ်သည်။
ယင်းလူထု သဘောထား ကောက်ခံပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကြေညာစာတမ်းကို ဖတ်ကြားခြင်း၊ အဖွဲ့ချုပ်မှ ဥပဒေ ပညာရှင်များဖြစ်သူ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဖြစ်သည့် ဦးဝင်းမြင့်နှင့် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် အချက်များ၊ နိုင်ငံသားတို့၏ အခွင့်အရေးများကို ပြန်လည် ကန့်သတ်ထားသော ရှေ့နောက် မညီညွတ်သည့် အချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံနှင့် ပတ်သက်၍ ၎င်း၏ သဘောထားကို ပြောကြားခဲ့ပြီးနောက် ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရန်အတွက် လက်ထောင်စနစ်ဖြင့် ဆန္ဒမဲ ကောက်ခံခဲ့ရာတွင် ၈၈ ရာခိုင်နှုန်းက ပြင် ဆင်ရန် ထောက်ခံခဲ့သည်။
အဆိုပါပွဲသို့ တက်ရောက်လာသည့် တပ်မတော် အရာရှိတစ်ဦး၏ မိခင်က ''...ကျွန်မ ကျွန်မသားလေး အတွက် အရမ်း စိတ်မကောင်းဘူး။ ကျွန်မလိုပဲ တပ်မတော်သား မိခင်တွေ၊ ပြည်သူပြည်သားတွေ၊ ကျွန်မတို့အတူ လက်တွဲပြီးတော့ပေါ့နော် အင်မတန်မှ ချစ်ခင်စည်းလုံးတဲ့၊ ပြည်သူတွေ လေးစားတဲ့ တပ်မတော်သား တစ်ယောက် ဖြစ်စေချင်တယ်။ ကျွန်မလည်း ပြည်သူချစ်တဲ့ တပ်မတော်သား တစ်ယောက်ရဲ့ မိခင်ဖြစ်ချင်တယ်။ ခုတော့ ကျွန်မအရမ်းရှက်တာပဲ။ ကျွန်မသားလေးကို ငယ်ငယ်ကတည်းက စိတ်နေစိတ်ထားရော ရိုးသားအောင် ပြုစုပျိုးထောင်ခဲ့တာ။ ကျွန်မသားရဲ့ ဖခင်ဆိုရင် ကျွန်မသား လေးနှစ်လောက် ကတည်းက မရှိတော့တာ။ ကျွန်မဒီလိုဖြစ်အောင် ပြုစု ပျိုးထောင် ခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ဟာ ပြည်သူကို နှိပ်စက်တဲ့ တပ်မတော်သားတစ်ယောက် ကျွန်မသားလေးကို အဖြစ်မခံနိုင်ဘူး။ ဒီမိုကရေစီ အစစ်ရဖို့ ကြိုးစားနေတဲ့ နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့် အနေနဲ့ ဘယ်နေရာကနေ ဘယ်လိုကူညီပြီးတော့ ကိုယ့်နိုင်ငံ ကောင်းသွားအောင် လုပ်ရမယ်ဆိုတဲ့ စိတ်စေတနာ ကျွန်မမှာရှိတယ်။ ကျွန်မတို့အားလုံးပဲ လက်တွဲပြီးတော့ ရဲရဲဝံ့ဝံ့နဲ့ အခြေခံဥပဒေကြီးကို ပြင်ဆင်နိုင်မှ ကျွန်မတို့ကို ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေကိုရော လက်တွဲပြီးတော့ ကျွန်မတို့တိုင်းပြည် ကောင်းအောင်လို့ ကြိုးစားချင်တယ်လို့ ကျွန်မပြောချင်ပါတယ်'' ဟု ပြောကြားသည်။

Eleven

No comments:

Post a Comment