Wednesday 6 November 2013

ပြည်နယ်နှင့်တိုင်း လွှတ်တော် ဆုံးဖြတ်ချက်များ ဝန်ကြီးချုပ်များ မဆောင်ရွက်ပါက သမ္မတထံ တိုင်နိုင်

ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက ဆုံးဖြတ် အတည်ပြု ထားသော ဥပဒေများ၊ အဆိုများ၊ မေးခွန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက လိုက်နာလုပ်ဆောင်ခြင်း မရှိပါက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် သဝဏ်လွှာပေးပို့ တိုင်ကြားနိုင်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုရှိ လွှတ်တော် ဥက္ကဋ္ဌများထံ သဝဏ်လွှာ ပေးပို့ ထားကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေက ပြောကြားသည်။

ယင်းသဝဏ်လွှာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ ၅ရက်နေ့တွင် ကျင်းပသော ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် အသီးသီးသို့ ပေးပို့ လိုက်ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူများထံမှ သိရှိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက ဆွေးနွေးချက်များ၊ သုံးသပ်ချက်၊ အကြံပြုချက်များကို ဝန်ကြီးချုပ် များအနေနှင့် ပြည်နယ်အတွင်း ဘဏ္ဍာရေး အခြေအနေအရဖြစ်စေ၊ ဝန်ထမ်းအင်အား အခြေအနေအရ ဖြစ်စေ လုပ်ငန်း အကောင်အထည်ဖော်ရန် တစ်စုံတစ်ရာ အခက်အခဲရှိလျှင် လွှတ်တော် ဥက္ကဋ္ဌများက စောင့်ကြည့်ပေးပြီး နိုင်ငံတော်သမ္မတထံ တိုက်ရိုက် သဝဏ်လွှာ ပေးပို့နိုင်ကြောင်း ပါရှိသည်ဟု ၎င်းက ဆိုသည်။

“ကျွန်တော်တို့ လွှတ်တော်က ဆွေးနွေးလိုက်တဲ့ အချက်တွေမှာ အချို့ကိစ္စတွေတော့ လုပ်တော့ လုပ်နေတယ်။ ထင်သာမြင်သာ မရှိတာတွေလည်း ရှိတယ်၊ အကောင်အထည် ပေါ်သွားတာလည်း ရှိတယ်၊ အကောင်အထည် မပေါ်သေးတာ တွေလည်း ရှိတယ်။ ကျွန်တော်တို့က ပြောလိုက်တယ်၊ သူတို့က ခရိုင်ကို ညွှန်တယ်၊ ခရိုင်က ပြောတယ်၊ မြို့နယ်မှာ လုပ်နေတုန်း၊ ဒါမျိုး လည်နေတာ လေးတွေ လည်း ရှိတယ်” ဟု ဦးကျင်ဖေက ဆိုသည်။

နိုင်ငံတော်သမ္မတ၏ ယင်းသို့ သဝဏ်လွှာကြောင့် တိုင်းနှင့်ပြည်နယ် လွှတ်တော် များ၏ ဆွေးနွေး ဆောင်ရွက်ချက်များ၊ မေးခွန်းများနှင့် အဆိုများကို အကောင်အထည်ဖော် ရာတွင် ထိရောက် သွက်လက်မှုများ ရှိလာမည် ဖြစ်ကြောင်း၊ လုပ်ငန်းများကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန် လမ်းကြောင်း ဖွင့်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment