Thursday 14 November 2013

မန္တလေးမြို့အနီး ဧရာဝတီမြစ်တွင်း ကုန်တင်မော်တော်တစ်စင်း မီးလောင်မှု တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ


မန္တလေးမြို့တော် ချမ်းအေးသာစံ မြို့နယ် မရမ်းခြံဆိပ်ကမ်း ဧရာဝတီမြစ် အတွင်းတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်က ကုန်တင်မော်တော်ငယ် တစ်စင်းမီးလောင်မှု ဖြစ်ပွားရာ တစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန နှင့် ယင်းဆိပ်ကမ်းတွင် အလုပ်လုပ်ကိုင် နေသူများထံမှ သိရှိရသည်။
အဆိုပါ စက်လှေပေါ်သို့ ဓာတ်ဆီပီပါ များတင်နေချိန် မီးစက်နှိုးရာမှ တစ်ဆင့် မီးလောင်မှု စတင်ခြင်းဖြစ်ကြောင်း ယင်းဖြစ်စဉ်တွင် မီးလောင်ဒဏ်ခံခဲ့ရသူ ကုန်တင်ကုန်ချ လုပ်သား ဂျစ်တူးက The Voice သို့ ပြောကြားသည်။

"လူရှစ်ဦး ဒဏ်ရာရရှိပါတယ်။ စိုးရိမ်စရာ မရှိပါဘူး" ဟု ချမ်းအေးသာစံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ် တစ်ဦးက ပြောကြားသည်။

မီးလောင်ဒဏ်ရာ ရရှိသူများကို မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကုသပေးလျက် ရှိပြီး ယင်းအနက်မှ နှစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း ယင်းဆေးရုံ ပြင်ပလူနာဌာနထံမှ စုံစမ်းသိရှိရသည်။

"ဆီပီပါတင်ရင်း မီးလောင်မှု ဖြစ်တာပါ။ ဘယ်အချိန် စလောင်တယ် ဆိုတာတော့ မသိလိုက် ဘူး။ လောင်ပြီးမှ ရောက်လာတာပါ" ဟု ယင်းဆိပ်ကမ်းတွင် ကုန်တင်ကုန်ချ လုပ်ကိုင်နေသူ လုပ်သား တစ်ဦး က ဆိုသည်။

ယင်းမီးလောင်မှုကြောင့် ကုန်တင် မော်တော်ပိုင်ရှင် ဒေါ်တင်ဆွေမြင့်၊ စက်ကိုင် ဦးကျော်မောင်၊ ကုန်တင်ကုန်ချလုပ်သား ဂျစ်တူး၊ ကျော်သူစိုး၊ ကိုမျိုး၊ ချမ်းငြိမ်း၊ ဦးတင်ယု ၊ ဝဲကျော်တို့ ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဖြစ်စဉ် များအရ သိရှိရသည်။

ယင်းကုန်တင်မော်တော်သည် မန္တလေး-ထီးချိုင့် ပြေးဆွဲနေကာ နိုဝင်ဘာလ ၁၃ ရက် နေ့တွင် မရမ်းခြံ ဆိပ်ကမ်းမှ ထီးချိုင့်မြို့နယ် ဒင်ကြီးကျကျေးရွာသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် မီးလောင် ခဲ့ခြင်း ဖြစ်ကြောင်း ယင်းကုန်တင် မော်တော်ပိုင်ရှင်နှင့် ရင်းနှီးသူ ပွဲရုံလုပ်ငန်းရှင် တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းမီးလောင်မှုသည် အင်ဂျင်ဂီယာ ပြုပြင်စဉ် မမြင်ရ၍ မီးစက်နှိုးရာမှ တစ်ဆင့် စတင်လောင် ကျွမ်းခြင်း ဖြစ်ပြီး ဒေါ်ယဉ်ယဉ်မြင့် (စုံစမ်းဆဲ)သေဆုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ကုန်တင်မော်တော်ယာဉ် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၆၂ သိန်းရှိကာ ယာဉ်ပေါ်ရှိ ဓာတ်ဆီပီပါ လေးလုံး၊ ဒီဇယ်ပီပါခြောက်လုံး နှင့် အခြားကုန်ပစ္စည်း တန်ဖိုး ၁၁၂ သိန်း စုစုပေါင်း ၁၇၄သိန်းဖိုး ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက် များအရ သိရှိရသည်။

မီးလောင်ရာသို့ မန္တလေးမြို့ပေါ်မှ မီးသတ်ယာဉ် ၄၈ စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ ၆၂ စီး၊ အရန် ၇၀ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၇၀ ဦးတို့ ပါဝင်ငြှိမ်းသတ် ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ပုသိမ်ကြီး ရဲတပ်ဖွဲ့စခန်းက (ပ)၁၉၉/၂၀၁၃ ပြစ်မှု ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း အဆိုပါဌာန ထုတ်ပြန်ချက်များအရ ထပ်မံသိရသည်။

မြစ်အတွင်း မီးလောင်မှုများ ဖြစ်ပွားရာတွင် အလွယ်တကူ မငြှိမ်းသတ်နိုင်ခြင်းသည် မြစ်အတွင်း မီးငြှိမ်း သတ်နိုင်သည့် မီးသတ်ရေယာဉ် မရှိ၍ဖြစ်ပြီး မန္တလေးမြို့တွင် မီးသတ်ရေယာဉ် ဝယ်ယူဖြည့်တင်း ထားသင့်ကြောင်း မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။

မန္တလေးမြို့တော်အနီး ဧရာဝတီမြစ် အတွင်းတွင် ၂၀၁၂ ခုနှစ်အတွင်း လောင်စာဆီတင် မော်တော်တစ်စင်း မီးလောင် ခဲ့ဖူးသည်။

The Voice Weekly

No comments:

Post a Comment