Thursday 7 November 2013

သိမ်းဆည်းမြေများ တစ်နေ့ နှစ်မှု ဖြေရှင်းမည်ဆိုသော်လည်း လက်တွေ့တွင်မူ နှစ်လလျှင် အမှုငါးခုသာ ဖြေရှင်းနိုင်

သိမ်းဆည်းထားပြီး လယ်ယာမြေများကို ငွေရှင်ကြေးရှင်များက မြေစာရင်းလက်ဦးမှု ယူထားခြင်း များ ရှိနေ

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများအတွက် အစိုးရအဖွဲ့အဆင့်ဆင့်၏ ဖြေရှင်းဆောင် ရွက်မှုမှာ နှစ်လအတွင်း မြေဧက ၂,၀၀၀ နီးပါးသာ ဖြေရှင်းပြီးစီးသည်ဟု ပြည်ထောင်စု လွှတ်တော် သို့ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ပေးပို့သော နိုင်ငံတော်သမ္မတရုံး၏ အစီရင် ခံစာတွင် ဖေါ်ပြ ထားသည်။

လက်ရှိတွင် ပြည်ထောင်စုလွှတ်တော် ကော်မရှင်က အစီရင်ခံစာ သုံးစောင် ထုတ်ပြန်ထားပြီး စုစုပေါင်း အမှုတွဲ ၇၄၅ ခုရှိသည့်အနက် သြဂုတ် ၈ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ အမှုတွဲ ငါးခုမှ မြေ ၁၉၇၃ ဒသမ ၀၃ ဧက ပြီးပြတ်အောင် ဖြေရှင်းပြီးဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

ကျန်ရှိအမှုတွဲများကို စတင်ကိုင်တွယ် ရှင်းလင်းနေဆဲဖြစ်ပြီး တည်ဆဲဥပဒေများနှင့်အညီ ရှင်းလင်းစွာ ဆောင်ရွက်နေခြင်း၊ ကနဦးကာလဖြစ်နေခြင်းတို့ကြောင့် အနည်းငယ်ကြန့် ကြာနေခြင်း ဖြစ် သည်ဟု အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် ပတ်သက်သည့် နစ်နာမှုများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်း မရှိသေးသကဲ့ သို့ စစ်ဆေးပြီးစီးမှုအချို့ကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့ထံ ပေးပို့ရခြင်းမရှိသေးဟု ကော်မရှင်အဖွဲ့ ၀င် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။

“သူတို့ဆောင်ရွက်မှုက တကယ်တမ်းဆိုရင် ကျွန်တော်တို့ မြင်ရသလောက်တော့ ကွင်းဆင်းဆောင်ရွက် တာ မတွေ့ရသေးဘူး။ On paper ပေါ်မှာပဲ ဖြေရှင်းနေတာ တွေ့ရတယ်။ သူတို့တင်ပြချက်တွေ ကို ဆောင်ရွက်ချက်တွေကို သုံးသပ်ပြီး ကျွန်တော်တို့အမြင်ကို ဆက်လက် ဆွေးနွေး သွားမှာ ဖြစ်ပါ တယ်”ဟု ပြောသည်။

အစိုးရအဖွဲ့က မြေယာဖြေရှင်းမှုများ ဆောင်ရွက်ရာတွင် ခိုင်လုံသော အထောက်အထားပေါ်မူ တည်၍ မြန်ဆန်ခြင်း၊ အထောက်အထား လိုအပ်ချက်အရ ကြန့်ကြာခြင်းများ ရှိနေသည်ဟု မြေအသုံးချမှု စီမံခန့် ခွဲရေး ဗဟိုကော်မတီဝင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် က အောက်တို ဘာလအတွင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

သတင်းစာရှင်းလင်းပွဲတွင် မြေအသုံးချရေးစီမံခန့်ခွဲမှု ဗဟိုကော်မတီအနေဖြင့် တစ်နှစ်အတွင်း ဖြေ ရှင်း နိုင်ရန် ရည်ရွယ်ထားသော်လည်း တစ်နေ့လျှင် အမှုနှစ်ခုနှုန်း ပြီးပြတ်အောင် စိစစ်ရမည်ဖြစ်သည်။

“တစ်နေ့ကို နှစ်မှုနှုန်းလောက် ပြီးအောင်စစ်ဖို့၊ စစ်တဲ့အခါမှာ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ဖြစ်ဖို့ အဓိက မှန်ကန်ဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် ပကတိ ကွင်းဆင်းပြီးတော့ အဆင့်ဆင့်သော ကော် မတီတွေ ဆောင်ရွက်နိုင်အောင် လုပ်နေပါတယ်”ဟု စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န် ကြီးဦးအုန်းသန်းက အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောသွားသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဆောင် ရွက်နေသူ ကိုထွန်းမြင့်အောင်ကမူ အစိုးရအဖွဲ့၏ အရေးယူဆောင်ရွက်မှုများမှာ နှေးကွေးနေသေးသည် ဟု မဇ္ဈိမကို သုံးသပ်ပြောကြားသည်။

“ငွေရှင်ကြေးရှင်တွေက မြေစာရင်းတွေကို လက်ဦးမှုယူထားတာ တွေ့ရတယ်။ အဂတိလိုက်စားမှုတွေ ကို ကြပ်ကြပ်မတ်မတ် မလုပ်နိုင်သေးတာ အစိုးရမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ လွှတ်တော်က ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေအတိုင်း လက်တွေ့မှာ အောက်ခြေက လိုက်နာမှုမရှိတာကိုလည်း အစိုးရက ပြောနေ တယ်။ဒါတွေကိုသိတယ်ဆိုရင် အရေးယူဆောင်ရွက်ဖို့ အစိုးရကိုယ်တိုင်က အရမ်းကိုနှေးကွေးနေတယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

မြေသိမ်းဆည်းခြင်းခံထားရပြီး လက်ရှိအချိန်အထိ မြေလျော်ကြေးမရရှိသေးသူ သန်လျင်မြို့နယ်အလွမ်း ဆွတ်ကျေးရွာမှ ကျေးရွာသားများ အလုပ်လက်မဲ့ဖြစ်နေကြပြီး ဘ၀အာမခံချက် ပျောက်ဆုံး သကဲ့သို့ပင် ဖြစ်နေသည်ဟု ပြောသည်။

“လျော်ကြေးကိုလည်း သီးနှံလျော်ကြေးအတွက်ပဲပေးပြီး မြေလျော်ကြေးကို မပေးဘူး။ တောင်သူလယ် သမားတွေအတွက် လယ်မြေမရှိတော့လို့ ဘ၀အာမခံချက် ပျောက်နေကြတယ်”ဟု အလွမ်းဆွတ်ကျေး ရွာ ဦးမြလှိုင်က ဆိုသည်။

လယ်ယာမြေသိမ်းဆည်းခံရမှုများကြောင့် နစ်နာခဲ့ရသည့် ပြည်သူများအနေဖြင့် ပြည်ထောင်စု လွှတ် တော်က ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင် သို့ ဆက်သွယ် တိုင်ကြားနိုင်သည်။ ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းထားသည့် မြေ အသုံးချ မှုစီမံခန့်ခွဲရေး ဗဟိုကော်မတီနှင့် အောက်ခြေကော်မတီအဆင့်ဆင့်မှ မည်သည့်အဆင့်ကိုမဆို တိုင်ကြား နိုင်သည်။

Mizzima

No comments:

Post a Comment