Monday 14 October 2013

ကုန်းတွင်းလုပ်ကွက်များတွင် တင်ဒါအောင်မြင်သည့် ပြည်ပကုမ္ပဏီများ အနေနှင့် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော်လည်း အကျိုးအမြတ် ခွဲဝေမှု ပုံစံအား ကန့်သတ်ထားမှု မရှိ

စွမ်းအင်ဝန်ကြီးဌာနမှ အောက်တိုဘာ ၁၀ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကုန်းတွင်းလုပ်ကွက် ၁၆ ကွက်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ အနေနှင့် မြန်မာတိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူးချုပ် ဦးဖေဇင်ထွန်းက ပြောကြားသည်။
ပြည်ပကုမ္ပဏီများ အနေနှင့် ကန့်သတ်ချက်အရသာ မြန်မာကုမ္ပဏီများနှင့် ပူးပေါင်းရန် လိုအပ်ပြီး အကျိုးအမြတ် ခွဲဝေမှုဆိုင်ရာ ကိစ္စရပ်များကိုမူ ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံမည့် ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် မြန်မာကုမ္ပဏီ များမှာ အောက်တိုဘာ ၁၀ ရက်အထိ ကုမ္ပဏီပေါင်း ၁၄၉ ခုရှိကြောင်း ဦးဖေဇင်ထွန်းက ပြောကြားသည်။ အဆိုပါ ကုမ္ပဏီများတွင် မြန်မာထိပ်တန်း စီးပွားရေး လုပ်ငန်းများဖြစ်သော ရွှေတောင်၊ ဧဒင်နှင့် IGE၊ ကမ္ဘောဇ၊ အေ၀မ်း၊ ပတ္တမြားနဂါး၊ တာမိုးညဲချမ်းသာ အစရှိသည့် ကုမ္ပဏီတို့ အပါအ၀င် မြန်မာ ကုမ္ပဏီများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မှတ်ပုံတင်ပြီး ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်ကို တင်ဒါခေါ် ယူခဲ့ပြီး ပြည်ပကုမ္ပဏီ ၇၈ ခုမှ လျှောက်ထားခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်း ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်အတွက် ဒုတိယအကြိမ် တင်ဒါခေါ်ယူရာတွင် အမေရိကန်၊ သြစတြေးလျ စသည့်နိုင်ငံများမှ ရေနံကုမ္ပဏီများ အပါအ၀င် ကုမ္ပဏီပေါင်း ၇၈ ခုမှ ကုန်းတွင်းလုပ်ကွက်များတွင် ၀င်ရောက်လုပ်ကိုင်ရန် တင်ဒါယှဉ်ပြိုင်မှုများ ရှိခဲ့ပြီး ထိုသို့ တင်ဒါလျှောက် ထားသည့် ကုမ္ပဏီများအနက် ဘရူနိုင်း၊ အိန္ဒိယ၊ ကနေဒါ၊ အီတလီ၊ လူဇင်ဘတ်၊ မလေးရှား၊ ပါကစ္စတန်၊ ရုရှား၊ British Virgin Islands၊ ထိုင်း စသည့်နိုင်ငံများမှ ရေနံကုမ္ပဏီများသာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခွင့် ရရှိမည့် ရေနံလုပ်ကွက် ၁၃ ကွက်နှင့် ရေနံတိုးတက် ထုတ်လုပ်ရေးအပေါ် ခံစားခွင့် ရရှိမည့် လုပ်ကွက်သုံးခုတွင် တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။
တင်ဒါစိစစ် ရွေးချယ်ခံရသည့် ကုမ္ပဏီများ အနေနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားခွင့် ရရှိမည့် စာချုပ်နှင့် ရေနံတိုးတက် ထုတ်လုပ်ရေးအပေါ် ခံစားခွင့်ရရှိမည့် စာချုပ်များ ချုပ်ဆိုပြီးနောက် ESIA လုပ်ငန်းများဆိုင်ရာ အစီရင်ခံစာများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြရမည် ဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အတည်ပြုချက် ရရှိပြီးပါက ရက်ပေါင်း ၃၀ အတွင်း နိုင်ငံတော်သို့ Signature Bonus များ ပေးသွင်းခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များအတွက် ပထမအကြိမ် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူခဲ့ပြီး လုပ်ကွက်ရှစ်ကွက်တွင် နိုင်ငံခြား ကုမ္ပဏီ ခြောက် ခုအား မြန်မာ တိုင်းရင်းသားပိုင် ကုမ္ပဏီခြောက်ခုနှင့် ပူးပေါင်း၍ လုပ်ကိုင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် တူးဖော်ထုတ်လုပ် ရောင်းချနေသည့် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း နှစ်ခုရှိပြီး ရတနာနှင့် ရဲတံခွန်စီမံကိန်းတို့ ဖြစ်သည်။ ထို့ပြင် ဇူလိုင်လ အတွင်း ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ဇောတိက စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း ယခုနှစ် နှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ စတင်တင်ပို့ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment