Thursday 10 October 2013

လူထုဆန္ဒကောက်ခံမှု ၄၅ ရက်အပြီးဆိုတာ ပုံပြင်လား? တကယ်လား ?

မြန်မာနိုင်ငံဟာ ပြည်နယ် (၇) ပြည်နယ်၊ တိုင်းဒေသကြီး (၇) တိုင်းနဲ့ ဖွဲ့စည်းထားပြီး ကချင်၊ ကယား၊ကရင်၊ ချင်း၊ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း အပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်း (၁၃၅) မျိုး မှီတင်းနေထိုင်ရာ ပြည်ထောင်စုကြီး ဖြစ်ပါတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ပေါင်းများ စွာ၌ နေထိုင်သော တိုင်းရင်းသားလူမျိုးပေါင်းဟာ သန်း (၆၀) ရှိပါတယ်။ ဓလေ့စရိုက်၊ ဘာသာစကား ကွဲပြားပြီး လူသူအရောက်အပေါက်နည်းတဲ့ ဝေးလံ သီခေါင်တဲ့ အစွန်အဖျားဒေသတွေမှာလည်း တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။
ဟိုတစ်နေ့က အောက်တိုဘာ ၁၂ ရက်နေ့မှစတင်ကာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ NLD ပါတီဝင်များက အခြေခံ ဥပဒေတွင် ပါဝင်သော အချက်များကို လူထုနှင့် တွေ့ဆုံရှင်းပြကာ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ အသစ်ပြန်လည်ရေးဆွဲရေးအတွက် လူထုဆန္ဒကောက်ခံမှုကို ၄၅ ရက် (တစ်လခွဲ)အတွင်း အပြီးသတ် ဆောင်ရွက်မယ်ဆိုတဲ့ ဦးကိုနီရဲ့ စကားကို သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါ တယ်။ မြန်မာတစ်နိုင်ငံလုံးကို ၄၅ ရက်နဲ့ အပြီးဆိုတော့ တကယ်လား ? ဒါမှမဟုတ် ပုံပြင်လား? လို့တောင် နောက်ပြောင်နေကြတာတွေလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြားနေရတာပါပဲ။
အပြုသဘောဆောင်တဲ့ ကိစ္စဆိုပေမယ့် “ ကြမ်းကျွံနုတ်ရ စကားကျွံ နုတ်မရ ” ဆိုတဲ့ ဆိုရိုးစကားကလည်း ရှိနေတော့ တစ်လခွဲနဲ့ တစ်နိုင်ငံလုံးကို အပြီးကောက်ဖို့ဆိုတာ ယေဘုယျအားဖြင့် မဖြစ်နိုင်ဘူးလို့ တွက်ဆနိုင်ပါ တယ်။ NLD ပါတီဝင်တွေဟာ မြို့ကြီးပြကြီးတွေမှာသာ ပါတီရုံးတွေနဲ့ နေကြ တာဖြစ်ပြီး တောလက်ကျေးရွာတွေ မှာတော့ ပါတီဝင်ရှိခဲ့ရင်တောင် အရေအတွက်က နည်းပါတယ်။
ဒီတော့ မြို့နေလူထုရဲ့ ဆန္ဒကို ကောက်လို့ရကောင်းရနိုင်ပါတယ်၊ တောနေပြည်သူတွေ အထိတော့ ဖြစ်နိုင်ချေ နည်းပါတယ်။ NLD ပါတီဝင်တွေကရော တောရွာတွေအထိ အပင်ပန်းခံ သွားရောက်ပြီး ဟောပြောစည်းရုံး ကောက်ခံနိုင်မလား၊ ဒါက ပထမ တစ်ချက်ပါ။ နောက် တစ်ချက်က တောနေလူထုကရော ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မယ်၊ အသစ်ရေးဆွဲမယ်ဆိုတဲ့ ရည်ရွယ်ချက်အပေါ် ထောက်ခံမှုရှိ၊ မရှိဆိုတာကလည်း တိကျတဲ့ အဖြေမရနိုင်ပါဘူး။ အကြောင်းပြချက် ကတော့ သူတို့ဟာ NLD ပါတီဝင်တွေမဟုတ်သလို ဘယ်ပါတီဝင်မှလည်း မလုပ်ကြပါဘူး။ အချိန်ကန့်သတ်ချက်မထားဘဲ လုပ်ဆာင်မှသာ ဖြစ်နိုင်ချေရှိပါတယ်။
ဒါ့ပြင်လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဝေးလံခေါင်းပါးနေရာများကိုလည်း သွားရောက်စည်းရုံးဖို့ဆိုတာ အပြောလွယ်သလောက်၊ လက်တွေ့မှာ ခက်ခဲပါတယ်။ နယ်မြေဒေသမအေးချမ်းသေးတဲ့ ဒေသတွေ ကိုရော NLD ပါတီဝင်တွေ သက်စွန့်ဆံဖျား သွားရဲပါ့မလား။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေရဲ့ ထိန်းချုပ် နယ်မြေတွေကိုလည်း သွားရောက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါဆိုရင် လူထုဆိုတဲ့ စကားရပ်ဟာ ဘောင်ကျဉ်းသွားပြီဖြစ်ပါတယ်။
လက်တွေလုပ်ကြည့်လို့ အောင်မြင်ရင် အများက အသိအမှတ်ပြုကြမှာပါ။ မအောင်မြင်ရင်တော့ အထက်မှာ ပြောခဲ့သလို အပြောကြီးတယ်ဆိုပြီး နှစ်ပြားမတန်အောင် ၀ိုင်းဝန်းကဲ့ရဲ့ကြမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့က ရိုးရိုးသာမန်ပြည်သူတွေ ဖြစ်တာကြောင့် ပြည်သူ့အတွက် အကျိုးရှိမယ့် အရာမှန်သမျှ စိတ်ဝင် တစား စောင့်ကြည့်နေကြပါတယ်။ အခု NLD ကပြောတဲ့ လူထုဆန္ဒ ကောက်ခံမှု ၄၅ ရက်အပြီးဆိုတာ ပုံပြင်လား? တကယ်လား ? စောင့်ကြည့်နေတဲ့အကြောင်း ရေးသားလိုက်ခြင်း ဖြစ်ပါ တယ်။
ရဲထက်

1 comment:

  1. ဒေါ်စုတော့သွပ်သွပ်ခါအောင်ရူးသွားပြီ

    ReplyDelete