Friday 11 October 2013

သည်နှစ်ဝါကျွတ်မှာ နန်းဆန်တဲ့မင်္ဂလာပွဲတွေ ပိုတွေ့ရဖို့ရှိ


ရန်ကုန်၊ အောက်တိုဘာ ၄-သည်နှစ်ဝါကျွတ် မှာ မင်္ဂလာဆောင်မယ့်သူတွေအနေနဲ့ စု လျားရစ်ပတ်ပွဲကို နန်းဆန်ဆန်လုပ်လာဖို့ ရှိပြီး အခမ်းအနားပြင်ဆင်မှုတွေကလည်း အရင်ကထက် ပိုပြီးဆန်းသစ်လာမယ်လို့ မင်္ဂလာပွဲစီစဉ်သူအချို့ထံက သိရတယ်။

“လူငယ်တွေက လွတ်လပ်မှုကို ပို ကြိုက်ကြတယ်၊ သူတို့ရဲ့စိတ်ကူးအိပ်မက်တွေ၊ ဖန်တီးချင်စိတ်တွေ ကလဲ ပြင်းပြကြ တယ်၊ ပရိုဂရမ်အသစ်အဆန်းတွေလဲ လုပ်ကြလို့ ဒီနှစ်အခမ်းအနားအစီအစဉ်တွေဆိုရင် ထူးထူးခြားခြားလေးတွေ လုပ်လာလိမ့်မယ်”လို့ Romantic Wedding Planner မှ တာဝန်ရှိသူတစ်ဦး က ပြောပါ တယ်။

ယခုနှစ်မှာ လက်ထပ်မင်္ဂလာပွဲတွေ ကျင်းပရာမှာ မင်းခမ်းမင်းနားလို တောက် ပတဲ့ပုံစံတွေနဲ့ နန်းဆန် တဲ့ တော်ဝင် မင်္ဂလာ ဆောင်အခမ်းအနားတွေကို လူငယ်တွေ ပို စိတ်ဝင်စားနေပါတယ်။ လက်ဆောင် ဆန်းဆန်း ကမ်းကြမယ်မင်္ဂလာဆောင် လာရောက်တဲ့သူတွေအတွက် အမှတ်တရပစ္စည်း လက်ဆောင်တွေ ကလည်း နိုင်ငံခြားဖြစ်ရော ပြည်တွင်းကပါ ဈေးကွက်ထဲမှာ ရှိပါ တယ်။

နိုင်ငံခြားဖြစ် ပစ္စည်းတွေက ခရစ္စတယ် ကျောက်လေးတွေ၊ ဆပ်ပြာခဲတွေနဲ့ ဖန်ခွက်အောက်ခံ၊ ပုလင်းဖောက်တံ ၊ အရောင်ဆန်းဆန်းဖယောင်းတိုင်စသဖြင့် အမျိုးမျိုး ရှိပါတယ်။ ပစ္စည်းလေးတွေက ဆန်းသစ်လှပသလို တစ်ခုကို ကျပ် ၁၀ဝ၀ အထက်မှာရှိတာကြောင့် ပြည်တွင်းဖြစ် အိုင်ဒီယာဆန်းတဲ့ လက်ဆောင်ပစ္စည်းတွေကို ယခုနှစ်မှာ ပိုပြီးမှာယူကြတယ်လို့ သိရပါတယ်။

“အရင်နှစ်တွေတုန်းက ဇွန်းခက်ရင်း ခေတ်စားခဲ့တာ၊ နိုင်ငံခြားက အိုင်ဒီယာကို ယူပြီး ချိုင်းနားက ဇွန်းလေးတွေနဲ့ အရမ်း ဖန်စီဖြစ်ခဲ့တယ်၊ ဒီနှစ်မှာတော့ လက်ကိုင်ပဝါကို ice-cream, cup-cake, lol-lipop အဲဒီလိုပုံစံလေးတွေ ခေါက်ထား တာကို အရမ်းစိတ်ဝင်စားကြတယ်”လို့ မင်္ဂလာ လက်ဆောင်ပြန်ပေးတဲ့ ပစ္စည်းတွေ လုပ်တဲ့ Lovely Dovey ဆိုင်ပိုင်ရှင် မမေ မြတ်မွန်က ဆိုပါတယ်။

လက်လုပ်ဖိတ်စာ
အရင်တုန်းကတော့ ဖိတ်စာကို ပုံနှိပ်တိုက်တွေမှာ ရှိပြီးသားပုံစံအပ်လိုက်ကြတဲ့ မင်္ဂလာမောင်နှံတွေ များပါတယ်။ သည် ခေတ်လူငယ်တွေကတော့ လက်ဖြစ်ဖိတ် စာ (handmade) အရောင်ရဲရဲလေးနဲ့ မင်္ဂလာဆောင်ဖိတ်ဖို့ ဆုံးဖြတ်လာကြပါ တယ်။

ဟန်းမိတ်တွေဟာ ကိုယ်ကြိုက်တဲ့ပုံစံ ပြန်ဖောက်တာ၊ အဆင်တန်ဆာတွေ ထပ်ထည့်တာဖြစ်လို့ ဒီဇိုင်း အမျိုးမျိုးပြောင်း လဲ သွားတယ်။ အခုနောက်ပိုင်းမှာကျတော့ ဖိတ်စာကို ကတ်တလောက်လိုပုံစံမျိုး မဟုတ်ဘဲ ဖန်စီပုံစံလေးတွေကို သဘောတွေ့သူ များလာပါတယ်။

Hero Handmade ဖိတ်စာမှ အမ်ဒီ မအေးငြိမ်းသက်က “လူငယ်ပိုင်းတွေလောက်ပဲ အနီတို့ အခြားအရောင် ရဲရဲတွေ သုံးတယ်၊ ဟန်းမိတ်တွေကတော့ တစ်လလောက်အချိန်ယူရတယ်”လို့ ဆိုပါတယ်။

လက်ဖြစ်မင်္ဂလာဖိတ်စာဆန်းဆန်းတွေရဲ့ ဈေးနှုန်းတွေက ကျပ် ၈၀ဝ ကနေ ကျပ် ၆၀ဝ၀ လောက်အထိရှိပြီး အနည်းဆုံး အရေအတွက် ၁၀ဝ မှာရပါတယ်။

ပန်းအလှဆင် ရိုးသွားပြီ
မင်္ဂလာခန်းမတွေကို အရင်တုန်းကတော့ သတို့သမီး သတို့သားဝတ်စုံ အရောင်နဲ့ လိုက်ဖက်တဲ့ပန်းတွေနဲ့ ခန်းလုံးပြည့် အလှဆင်ကြပါတယ်။ အခုခေတ် ဧည့်ခံပွဲတွေကိုတော့ ပန်းတွေအစား ဓာတ်ပုံရိုက်တဲ့အခါ ပိုမိုတောက်ပစေမယ့်ပုံစံဖြစ် တဲ့ဘောလုံးတွေနဲ့ အလှဆင်လာကြပါတယ်။

“ဘောလုံးနဲ့လုပ်တယ်ဆိုတာ ဩစတြေးလျားနဲ့ အမေရိကက ဒီဇိုင်းပေါ့၊ အဲဒါ က ဒီဗီဒီ ထဲမှာ ပိုလှတယ်၊ wedding တစ်ခုမှာ ခန်းမပြင်ဆင်ဖို့ ဘောလုံးတွေက သုံးရင် သုံးသလို အခန်းအလှကလဲ ပြောင်း လဲဖို့ ၈၀ ရာခိုင်နှုန်းလောက်ကို မူတည်နေတယ်”လို့ Always Ballons Decoration မှ မမင်းမင်းခိုင်က ဆိုပါတယ်။
ဘောလုံးတွေကိုသုံးပြီး ခန်းမအလှ ဆင်နိုင်ရုံမကဘဲ မင်္ဂလာစင်မြင့်ထက်မှာလည်း မင်္ဂလာမောင်နှံ စိတ်လှုပ်ရှားဖွယ်ဖြစ်အောင် ပြုလုပ်နိုင်ပါသေးတယ်။

ဘောလုံး အကြီးကြီးထဲကနေ ဘောလုံးတွေ အများကြီး လွင့်ကျလာတာမျိုးတွေဟာ အခု နောက်ပိုင်း လူငယ်တွေ စိတ်ဝင်စားကြတဲ့ ပုံစံတွေဖြစ်တယ်။ ဘောလုံးနဲ့ အလှဆင်မယ်ဆိုရင်တော့ ခန်းမပေါ်မူ တည်ပြီး ကျပ် သုံးသိန်းကနေ ၁၂ သိန်း အထိ ကုန်ကျနိုင် ပါတယ်။

ပျော်ရွှင်ပွဲပါတာ ပိုနှစ်သက်လာ
မင်္ဂလာအခမ်းအနားတွေမှာ အစီအစဉ်မှူးအပါအဝင် အဆိုတော်တွေကို ငှားရမ်းရင် ကျပ် ၁၀ သိန်းဝန်းကျင် ခန့် ကုန်ကျတယ်။ လူငယ်တေံလုပ်တဲ့ဧည့်ခံပွဲ တွေနဲ့ ညစာ စားပွဲအများစုမှာတော့ လူရွှင်တော်တွေ၊ Dream Boat တို့လို ဂိမ်းကစားပေးမယ့် သူတွေကို ထည့်သွင်းတာက စရိတ်စကလည်း နည်းသလို လာတဲ့ သူတိုင်းလည်း ပေါ့ပေါ့ပါးပါးနေထိုင်ရလို့ ပိုနှစ်သက်ကြတယ်လို့ သိရတယ်။

ကုမုဒြာ

No comments:

Post a Comment