Monday 29 April 2013

မူစယ်အိမ်ရာစီမံကိန်း ကုမ္ပဏီနှင့် ပြည်သူ့စစ် ပဋိပက္ခဖြစ်ပွား

ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က သျှမ်းပြည်(မြောက်ပိုင်း) မူစယ်မြို့အိမ်ယာမြေ စီမံကိန်းဧရိယာအတွင်း နယူးစတားလိုက် ကုမ္ပဏီမှ မြေညှိလုပ်ငန်းဆောင်ရွက်နေစဉ် ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ လာရောက်တားဆီးခဲ့သဖြင့် နှစ်ဘက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီ၏ မြေညှိလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။ ပန်းဆေးပြည်သူ့စစ်အဖွဲ့ပိုင် မြေဧရိယာအတွင်း ကုမ္ပဏီ၏ မြေညှိလုပ်ငန်းများ ဆောင်ရွက်ခွင့်မပြုကြောင်း လာရောက် တားမြှစ်ရာမှ နှစ်ဘက် ပဋိပက္ခဖြစ်ပွားခြင်းဖြစ်ကြောင်း အကြားအမြင်များသည့် မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ကုမ္ပဏီက စီမံကိန်းအတွင်း စက်ယန္တရားတွေနဲ့ မြေညှိနေတာပေါ့။ ပန်းဆေးပြည်သူ့စစ်အဖွဲ့က သူတို့အဖွဲ့ ပိုင်မြေဆိုပြီး ဆက် မလုပ်ဖို့ပြောတာ။ ဆက်လုပ်ရင် လောင်ချာနဲ့ပစ်မယ်ပေါ့။ နေ့လည် ၁၂ နာရီလောက် တော့ ပြည်သူ့စစ်အဖွဲ့ဝင် ၁၀ ဦး လောက် သေနတ်တွေနဲ့ရောက်လာပြီး အုပ်ချုပ်ရေးရုံးတိုင်တဲ့အထိဖြစ်သွားတယ်။ အရင်ဒီမြေတွေ သိမ်းတုန်းက လျော်ကြေးလက်မခံတဲ့လူတွေရှိတယ်။ ဒီအထဲမှာ သူတို့မိသားစုဝင်တွေ ဒါမှမဟုတ် သူတို့နဲ့ပတ်သက်တဲ့ လူတွေပါမှာပေါ့။ အားလုံး ၅ ဧကလောက်ရှိတယ် ” ဟု ၄င်းမြို့ခံက ဆိုသည်။

မူစယ် မြို့ပြအိမ်ရာမြေစီမံကိန်းတည်ဆောက်ခွင့်ကို နယူးစတားလိုက် ကုမ္ပဏီက ရရှိခဲ့ပြီး ၄င်း စီမံကိန်း လုပ်ငန်းများအနက် လမ်းတည်ဆောက်ရေးအပိုင်းကို ဂရိတ်ဟော်ခမ်းကုမ္ပဏီထံ ၂၀၁၂ ခုနှစ်ကုန်ပိုင်းက လွှဲပြောင်းပေးခဲ့သည် ။

ဒုသမ္မတ စိုင်းမောက်ခမ်းနေထိုင်ရန် နေအိမ်တစ်လုံးလည်း တည်ဆောက်နေပြီး စီမံကိန်း အကျယ်အဝန်းမှာ ဧက ၂၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။
သျှမ်းသံတော်ဆင့်

No comments:

Post a Comment