Thursday 4 April 2013

မြန်မာ ဗီဒီယို ဇာတ်ကား အညွှန်း

တောကြိုအုံကြားမှ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေရသဖြင့် ပေတိပေစုတ် ထွက်လာသော သီဟတင်စိုး တစ်ယောက် တော်လှန်ရေး အတွက် အသုံးပြုရန် မြို့ပေါ်တက် လေးခွလာဝယ်လေလျှင် မြို့ပေါ်တွင် မျက်စိ သူငယ်နားသူငယ် ဖြစ်နေရှာလေ၏။ ထိုစဉ် ကားလမ်းဖြတ်ကူးရာ ကားတစ်စီးနှင့် တိုက်မိမလို ဖြစ်သွားလေ၏။ ကားမှာ ကျွီ ခနဲ ရပ်သွားပြီး ကားပေါ်မှ ငယ်ငယ် ရွယ်ရွယ်နှင့် မြန်မာနိုင်ငံ၏ Top ten စာရင်းဝင် ကုမ္ပဏီ ကြီးတစ်ခုတွင် အမြဲတမ်း MD ဖြစ်နေသော ဟိန်းဝေယံ ဆင်းချလာလေသည်။ 
ဆင်းဆင်းလာချင်း နေကာမျက်မှန်ကို ချွတ်ကာ ကားပတ်လည်ကို သေသေချာချာ ကြည့်၏။ ကားနောက်ခန်းမှ သူ၏ အမြဲတမ်း သူငယ်ချင်းများ ဖြစ်ကြကုန်သော ဇော်ဇော်အောင်နှင့် ဇင်မျိုး တို့မှာ ပြာပြာသလဲ ဖြစ်ကာ ဆင်းလာကြပြန်လေလျှင် တောသားကြီး သီဟတင်စိုး မှာ နေမထိ ထိုင်မသာ ဖြစ်နေလေသည်။ ဟိန်းဝေယံ မှ တောက်တစ်ချက်ခေါက်ကာ နေကာမျက်မှန် ပြန်တပ်ပြီး ကားပေါ် ပြန်တက်သွားသည်။ ထိုအချိန်တွင် ကားလမ်းဟိုဘက်တွင် အကြော်ရောင်းနေသော အမြဲတမ်းမုဆိုးမ မို့မို့မြင့်အောင်မှာ ထိုအဖြစ်အပျက် အကုန်လုံးအား တွေ့မြင်လိုက်ရလေသည်။ သူမသည် ရပ်ကွက်ထဲ အမြန်ပြန်ကာ ထိုအကြောင်း အား ဒေါ်ထားအဖွဲ့ အက်စတာ အဖွဲ့တို့အား အတင်းတုတ်လေသည်။ ဒေါ်ထားနှင့် အဖွဲ့မှာ နားမထောင်အား။ သူတို့အနေဖြင့် မင်္ဂလာဆောင် တစ်ခုအားသွားစရာရှိသေးသည်။ ထိုပွဲအား သူမတို့ အဖွဲ့လိုက် သွားထိုင်နေမှ ဖြစ်မည်။ ထိုမင်္ဂလာပွဲမှာ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဆောင်သောပွဲ ဟုဆိုသော်လည်း ဂိုဒေါင်ခန်းမ တစ်ခုထဲတွင်သာ ဖြစ်၏။ မင်္ဂလာပွဲ သို့ ရောက်သွားသော် သတို့သား ဖခင် ဦးအောင်လွင်မှ ကြိုဆိုပြီး အမြဲတမ်းရှေ့နေဖြစ်သော ကြည်စိုး( IC) နှင့် မိတ်ဆက်ပေးလေ သည်။ သတို့သားမှာ အမြဲတမ်းလူပျိုကြီး ကျော်ရဲအောင် ဖြစ်ပြီး သတို့သမီးမှာ အမြဲတမ်း အပျိုကြီး စိုးမြတ်သူဇာတို့ ဖြစ်သည်။ သတို့သားနှင့် သတို့သမီးမှာ ၀အောင်စားနော် အားမနာနဲ့ ဟုြေ့ပာနေသော်ငြား စားပွဲပေါ်တွင်မူ အချိုရည်ပုလင်း တစ်ပုလင်းစီသာ ရှိလေသည်။ ထိုအချိန် MICT ထဲတွင် တက္ကသိုလ် ကျောင်းတက်ပြီး ပြန်လာသော ၀တ်မှုန်ရွှေရည်နှင့် သူမ၏ အမြဲတမ်း သူငယ်ချင်း အိဖြိုးချယ်ရီ တို့သည်မင်္ဂလာဆောင် သို့ လာလေလျှင် လမ်းတွင် အမူးသမားသုံးဦးမှ နေ့ခင်းကြောင်တောင် လိုက်နှောင့်ယှက်လေ၏။ သူမတို့ ဘ၀ပျက်တော့မည့်ဆဲဆဲ ဘယ်နားမှ ရောက်လာမှန်း မသိသော နေတိုးမှ သုံးယောက် တစ်ယောက် ဖိုက်တင်ချလေလျှင် ထိုသုံးဦးမှာ မှုန်နေအောင် ထွက်ပြေးကြလေတော့သည်။ ၀တ်မှုန်ရွှေရည်မှ ကျေးဇူးတင်စ ကားပြောကြားပြီး ပြန်ထွက်သွားလေလျှင် သူမ၏ Visiting card ကျကျန်ခဲ့လေ၏။ ထိုကတ်အားနေတိုးမှ ကောက်ယူကာ သူ၏ သူငယ်ချင်း ဖြစ်သော Kညီ အားပြသကာ နှစ်ယောက်သား ရယ်မောလိုက်ကြသည်။ အမှန်တကယ်က ၀တ်မှုန်ရွှေရည်မှာ သူလက်စားချေရန် လိုက်လံရှာဖွေနေသော အောင်ခိုင်၏ သမီး ဖြစ်ပြီး အတင်းပင်တိုက်တိုက်ဆိုင်ဆိုင် လာတွေ့ကြခြင်းပင်။ သူတို့နှစ်ဦး ထိုမှ အပြန် လမ်းပေါ်တွင် ရှောက်သီးဆေးပြား ရောင်းနေသော သူထူးစံနှင့် ဒိန်းဒေါင် တို့အားတွေ့လေလျှင် မျက်စ ပစ်ပြလိုက်လေရာ ဒိန်းဒေါင်မှာ အသည်းဘ၀င်ခိုက်ကာ ယခုမှ နယ်က တက်လာသော တောသူဌေး နေမျိုးအောင်အား သွားတိုက်မိလေသည်။ နေမျိုးအောင်မှာ ပြာပြာသလဲ ထွက်ပြေးလေရာ ကြော်ငြာရိုက်ကွင်း တစ်ခုအား ဖြတ်ပြေးမိလေသည်။ ဒါရိုက်တာမှာ အမျက်ချောင်းချောင်းထွက်ကာ နေမျိုးအောင်အား ကြိမ်းမောင်းလေလျှင် နေမျိုးအောင်မှ

“ သိဘူးလေဗျာ သီချင်းတွေပဲ လှိမ့်ဆိုနေကြတော့ ကြော်ငြာရိုက်နေတာလို့ ဘယ်ထင်မလဲဗျနေပါအုံး ခင်ဗျားတို့ကြော်ငြာ က သီချင်းဆိုတဲ့ပုံရိုက်ရင် ပြီးပြီလား”

ဟု ဘွင်းဘွင်းကြီး ပြောချလိုက်လေရာ ဒါရိုက်တာမှာ နေမျိုးအောင်အား အနောက်မှ လိုက်ကာ ဆောင့်ကန်လေတော့သည်။ ထိုအချိန်တွင် ခုနက တောမှ တက်လာသော သီဟတင်စိုးသည် ထိုနေရာသို့ မယောင်မလည်ရောက်လာပြီး ကြော်ငြာမင်းသမီးအား ကြည့်ကာ သားရေယိုနေစဉ် လမ်းမပေါ်ရှိ ဘေလ်ဘုတ်ပေါ်မှ နေရဲမာန်မှ

“ ကောင်လေး မတူရင် မတုနဲ့”

ဟုဆိုကာ တဟားဟားရယ်လေတော့သည်။
 
ref: Ko Pwa Gyi's FB

No comments:

Post a Comment