Monday 11 February 2013

နံပါတ်တစ်နေရာရောက်ရှိလာသည့် Warcraft ဂိမ်းကစားနည်းကြောင့် မိဘများပူပင်မှုတိုးလာ



အွန်လိုင်းတွင် လူကြီး ၊ လူငယ်မရွေး ကစားနိုင်သည့် ကစားနည်းများစွာရှိသည့်အနက်မှ vakok မှ ဖန်တီးထားသည့် World of Warcraft ကစားနည်းမှာ မြန်မာနိုင်ငံရှိ လူငယ်များအကြား နံပတ်တစ် နေရာသို့ ရောက်ရှိလာကြောင်း အင်တာနက် ဂိမ်းကစားသူများထံက သိရှိရသည်။

 
World of Warcraft ကစားနည်းက အုပ်စုလိုက် ကစားရတာ ကျွန်တော်တို့ ကစားလို့ အရှိန်ပါ လာရင် တစ်နေကုန်ပဲ အင်တာနက်ဆိုင်မှာ တစ်နာရီ ၊ နှစ်နာရီနဲ့ ရပ်တာရှားတယ် ၊ ဆော့ပြီဆိုရင် (၁၀)နာရီလောက်တော့ ကုန်တယ် ၊ အဲ့ဒီကစားနည်းက မိုက်တယ်၊ အုပ်စုလိုက်ကစားရတာ ဟု လှိုင်မြို့နယ်မှ အသက်(၂၀)၀န်းကျင် ဂိမ်းကစားသူ   ကောင်းထက်ကျော် က ပြောသည်။
 
Vakok အွန်လိုင်း ဆာဗာမှ World of Warcraft (WOW) ဂိမ်းကို ၂၀၁၀ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အဆိုပါ ဂိမ်းကိုကစားရန် စာရင်းပေးသွင်းထားသူ (၄၀၀၀၀) ၀န်းကျင်ခန့်ရှိကြောင်း သိရှိရသည်။
 
 “ဒီဂိမ်းကိုစပြီး တည်ထောင်တဲ့အချိန်ကစပြီး အခုချိန်ထိ World of Warcraft ကစားနည်းကို ကစားဖို့ စာရင်းပေးထားတာ   လေးသောင်းလောက်ရှိတယ် ပျှမ်းမျှ ကစားတဲ့သူက တစ်လကို (၅၀၀)ကျော် လောက် ရှိတယ်။ “ ဟု ဂိမ်းတည်ထောင်သူ ကိုထက်နိုင်က ပြောသည်။
 
လူငယ်များအနေဖြင့် World of Warcraft ကစားနည်းကို ကြိုက်နှစ်သက်ရခြင်းမှာ သူငယ်ချင်းနှင့် လည်းကောင်း ၊ အခြားသော သူများနှင့် အုပ်စုဖွဲ့ကာ ကစားသည့်ဂိမ်းဖြစ်ပြီး စုစည်းမှုဖြင့် အနိုင် ရယူခြင်း ခံစားချက်မျိုးကို ဖြစ်ပေါ်စေခြင်းကြောင့်ဖြစ်သည်ဟု ဂိမ်းကစားသူများက ဆိုသည်။
 
ငါးယောက်တစ်ဖွဲ့ဆော့တဲ့ဟာလည်းရှိတယ် ဒီလိုဂိမ်းက အားလုံး စုစည်းပြီးဆော့မှ level အလိုက် လက်နက်တို့ ၊ ဓားတို့ ၊ အ၀တ်အစားတို့ရပြီး တစ်ဖက်နဲကတစ်ဖက် တိုက်ရတာမျိုး အဲ့ဒီတော့ အုပ်စုလိုက် ကိုယ်အလုပ်လုပ်တဲ့အခါ တစ်ယောက် အင်အားနဲ့မရဘူး အကုန်လုံးရဲ့ အင်အားနဲ့မှ အနိုင်ရမယ်ဆိုတဲ့ အသိဥာဏ်မျိုးရတာပေါ့ ၊ အချိန်ကုန်တာက တစ်ပိုင်းပေါ့လေ “ ဟု ဗဟန်းမြို့နယ်မှ ဂိမ်းကစားသူ တစ်ဦးက ပြောသည်။
 
World of Warcraft ကစားနည်းကို စတင်ကစားမည့်သူများသည် ပထမဆုံး စတင်ဆော့မည့်လကို အခမဲ့ ကစားခွင့်ပြီးပြီး ဒုတိယလတွင် တစ်လကို (၃၅၀၀)ကျပ်နှုန်းဖြင့် vokak ဆာဗာသို့ ပေးသွင်း ရမည်ဖြစ်ကာ သုံးလတစ်ကြိမ် ပြိုင်ပွဲများကိုလည် စီစဉ်ပေးလျက်ရှိသည်ဟု world of warcraft ဂိမ်းတည်ထောင်သူ ကိုထက်နိုင်က ဆိုသည်။
 
လူငယ်များအကြား ရေပန်းစားနေသော World of Warcraft ဂိမ်းကစားနှုန်းမြင့်မားလာခြင်းကြောင့် မိဘများအနေဖြင့် သားသမီးများ၏ ကျမ်းမာရေးအတွက် စိုးရိမ်ပူပမ်လာကြောင်း သိရသည်။
 
 “ဂိမ်းဆော့တာ ဘာအကျိုးကျေးဇူးမှမရှိဘူး ၊ ကျွန်မသား ဂိမ်းဆော့တယ် ၊ သူက ကျွန်မဆီက ပိုက်ဆံမတောင်းပေမယ့် အိတ်ထဲကနေ မသိအောင်ယူတာတို့ ၊ ငွေကို အကျိုးရှိတဲ့နေရာမသုံးပဲ ဂိမ်းဆော့တာဟာ ငွေအလွဲသုံးစားလုပ်တာပဲလေ “ ဟု အသက် ၄၀ကျော် ကျောင်းသားမိဘတစ်ဦးက ပြောသည်။
 
လူငယ်များအနေဖြင့် အင်တာနက်ဆိုင် ၊ ဂိမ်းဆိုင်သို့ သွားရောက်၍ အုပ်စုလိုက် ဂိမ်းဆော့ကစားရာမှ ရံဖန်ရံခါရန်ဖြစ်သည်အထိ အန္တရာယ်ကြုံတွေ့နိုင်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
အုပ်စုလိုက် ဂိမ်းသွားဆော့ပြီဆိုရင် အခန့်မသင့်ရင် ငြင်းခုံ ကြရင်း  ထိုးကြ ၊ ကြိတ်ကြဖြစ်ကြမယ်။ ဒါတွေက ဂိမ်းဆော့ လို့ ဖြစ်လာတဲ့ အကျိုးတွေလေ ဂိမ်းဆော့လို့ ကောင်းတာ တစ်ခုမှမရှိဘူး၊ကျန်းမာ ရေးကိုလည်း ထိတယ် အဓိကက မျက်လုံး အကြောလိုက်တာတို့ အာရုံကြောကို ထိတာတို့ ဖြစ်စေ တယ် ဟု ကြည်မြင်တိုင်မှ ကျောင်းသားမိဘတစ်ဦး က ပြောသည်။
အောင်ပြည့်ဖြိုးကျော် (မြစ်မခ)
by Myit Makha Mediagroup on 11 Feb, 2013

No comments:

Post a Comment