Monday 11 February 2013

ကျွန်တော်တို့ မြက်ခင်းတုကွင်းကို ဝေဖန်တဲ့ သူတွေ ဇေယျာရွှေမြေကွင်းကို အရင်သွားကြည့် သင့်ပါတယ်~အိုင်ဗန်ကိုလက်ဗ်

ရန်ကုန်ယူနိုက်တက်၏ မြက်ခင်းတုကွင်း မြက်နှာပြင်နှင့် ပတ်သက်၍ ပြိုင်ဘက် အသင်းတိုင်းက ဝေဖန်မှုများ ပြုလုပ်လေ့ ရှိရာ ရန်ကုန် ယူနိုက်တက် နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က ပြိုင်ဘက်များ၏ မိမိတို့ ကွင်းမျက်ခင်းပြင်ကို ဝေဖန်နေမှုမှာ တရားမျှတမှု မရှိကြောင်း ဆိုခဲ့ပြီး မိမိတို့ကွင်းကို မဝေဖန်မီ ဇေယျာရွှေမြေ အသင်း၏ မုံရွာကွင်း မြက်ခင်းပြင်ကို
အရင်သွားရောက် လေ့လာကြည့်သင့်ကြောင်း ပြောကြားခဲ့သည်။ ရန်ကုန်သည် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၄)တွင် ဇေယျာရွှေမြေ၏ အိမ်ကွင်းဖြစ်သည့် မုံရွာကွင်းတွင် သွားရောက် ယှဉ်ပြိုင်ခဲ့ရပြီး (၁-၀)ဂိုးဖြင့် ရှုံးနိမ့်ကာ အမှတ်ပေးဇယား ထိပ်မှ ဆင်းပေးခဲ့ရသည်။


ရန်ကုန်နည်းပြချုပ် အိုင်ဗန်ကိုလက်ဗ်က "ကျွန်တော်တို့ အိမ်ကွင်းက မြက်ခင်းတု အကြောင်းပဲ ပြောပြောနေကြတယ်။ ဇေယျာရွှေမြေရဲ့ အိမ်ကွင်းမျက်နှာပြင် အကြောင်းကိုတော့ ဘာလို့ ရေငုံနှုတ်ပိတ်နေကြတာလဲ။ သူတို့ကွင်းကို အရင် သွားကြည့်လိုက်ပါဦး။ ဇေယျာရွှေမြေ အိမ်ကွင်းက မြက်ခင်းကို မြင်ဖူးလား။ ဒီကွင်းရဲ့ မြက်ခင်းက လုံးဝ ပရော်ဖက်ရှင်နယ် အဆင့် ကန်ရမယ့် မြက်ခင်းမျိုး မဟုတ်ဘူး။ ဒါ့အပြင် ပရိသတ်တွေရဲ့ အမူအကျင့်ကလည်း ဆိုးတယ်။ တောက်လျှောက် ကွင်းထဲကို ပြစ်ပေါက်နေတာ။ ဒါကြောင့်မို့ သူတို့ အမြဲနိုင်နေတာ။ သူတို့မြက်ခင်းက အရမ်းမာတယ်။ ဘောလုံးက တစ်ချိန်လုံး ခုန်နေတာကြောင့် ကစားကွက် တည်ဖို့တောင် ခက်ပါတယ်။ အဲဒီကွင်းမှာ ပွဲတွေ သွားကစားရတာ ကိုက မျှတမှု မရှိပါဘူး"ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။


ရန်ကုန် ယူနိုက်တက်၏ အိမ်ကွင်းမှာ မြက်ခင်းတု ကွင်းပြင်ဖြစ်သောကြောင့် သာမာန်မြက်ခင်းပြင် များနှင့် ကွာခြားမှု အနည်းငယ် ရှိနေရာ အဆိုပါ အနေအထားနှင့် ပတ်သက်၍ ပြိုင်ဘက်များက အမြဲလို ဝေဖန်မှုများ ရှိနေခြင်း ဖြစ်သည်။ နေပြည်တော်နှင့် ပွဲအပြီးတွင်လည်း နေပြည်တော် အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက မြက်ခင်းတုကွင်း မျက်နှာပြင်ကြောင့် ကစားရ ခက်ခဲခဲ့ကြောင်း ပြောကြားခဲ့သေးသည်။ ရန်ကုန်သည် အဆိုပါ ကွင်းကို အိမ်ကွင်းအဖြစ် ၂၀၁၁ ဘောလုံးရာသီ ဒုတိယအကျော့ ပွဲစဉ် အချို့တွင် စတင်အသုံးပြုခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၂ ဘောလုံး ရာသီကလည်း ရန်ကုန်၏ အိမ်ကွင်းပွဲစဉ် အချို့အပြင် အခြား မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များကိုလည်း လက်ခံ ကျင်းပပေးခဲ့သည်။ ယခုနှစ် တွင်မူ ရတနာပုံ၊ ကမ္ဘောဇ တို့နှင့် ပွဲများ၊ AFC Cup ပွဲများမှ လွဲ၍ ရန်ကုန်၏ ကျန်အိမ်ကွင်း ပွဲများကို ထိုကွင်း၌ပင် လက်ခံကျင်းပသွားမည် ဖြစ်သည်။ ရန်ကုန် ယူနိုက်တက်သည် ထိုကွင်းပေါ်တွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁)ပွဲမျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိပေ။
myanmar soccer

No comments:

Post a Comment