Tuesday 12 February 2013

ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အဓိက ဟု သမ္မတ ဦးသိန်းစိန် ပြော



ယနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ကို သမ္မတ ဦးသိန်းစိန်က သ၀ဏ်လွှာပေးပို့တာ ကို နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ စနစ် ဆက်လက် ရှင်သန်ဖို့ အတွက် နိုင်ငံရေး တည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အဓိက ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂ဝ၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ၂ဝ၁၃ ခုနှစ်၊ (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာမှာ အောက်ပါအတိုင်း ဖြစ်သည်-
ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်း ညီအစ်ကိုများ ခင်ဗျား-
ယနေ့အချိန်အခါသည် ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ ရင်ထဲတွင် ထာဝရ သတိတရရှိနေရသည့် နေ့ထူးနေ့မြတ်ဖြစ်သော  ပြည်ထောင်စုနေ့ အချိန်အခါ ဖြစ်ပါသည်။ ဤကဲ့သို့ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် နေ့ထူးနေ့မြတ်တွင် သွေးချင်းညီအစ်ကို မောင်နှမအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းပြီး ကောင်းကျိုးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား ညီအစ်ကိုများ စည်းလုံး ညီညွတ်စွာဖြင့် လက်တွဲ၍ အတူတကွ တည်ဆောက်ခဲ့သည့် နိုင်ငံတော်ကြီး ဖြစ်ပေသည်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက်လည်း အားလုံး ဝိုင်းဝန်း ကြိုးပမ်းခဲ့ ကြပါသည်။
အတိတ်သမိုင်းတွင် မြန်မာမင်း အဆက်ဆက်တို့သည် အမိနိုင်ငံတော် တည်မြဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့ကို အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ကြပါသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးဆောင် လမ်းညွှန် ပေးခဲ့ကြပါသည်။ သို့အတွက်ကြောင့် အတိတ်က မြန်မာနိုင်ငံတော်ကြီး သည်လည်း စည်ပင်ဖွံ့ဖြိုးတိုးတက်ခဲ့သည်ကို တိုင်းရင်းသား ညီအစ်ကိုများ အသိပင် ဖြစ်ပေသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသော အမျိုးသားရေးမူဝါဒကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံး စောင့်ထိန်းကာကွယ်ရမည် ဖြစ်ပေသည်။
ကိုလိုနီနယ်ချဲ့တို့၏ တောင်ပေါ်မြေပြန့် သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့်  လွတ်လပ်ရေးရပြီးစမှစ၍ အမိနိုင်ငံတော်ကြီး အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တစ်ဦးနှင့်တစ်ဦး နားလည်မှု လွဲမှားကာ စည်းလုံးညီညွတ်မှု ပျက်ပြားခဲ့ရပါသည်။
ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများ ခင်ဗျား-
ကိုလိုနီစနစ် ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ကျွန်ပညာရေးစနစ် အကောင်အထည် ဖော်မှု၊ တိုင်းရင်းသား ညီအစ်ကိုတို့အပေါ် မတရား ကုပ်သွေးစုပ်ပြီး စိုးမိုးခြယ်လှယ်မှု၊ မြန်မာ့သယံဇာတတို့ကို မတရား ရယူသိမ်းပိုက်မှု စသည့် ခါးသီးသော အတွေ့အကြုံတို့ကို မြန်မာတိုင်းရင်းသား ညီအစ်ကို မောင်နှမအားလုံး နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရပါသည်။
မျိုးချစ်စိတ်ဓာတ် ပြင်းထန်လှသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများသည် အတူတကွ လက်တွဲပြီး နယ်ချဲ့ကို တွန်းလှန်တိုက်ခိုက်ခဲ့ကြပါသည်။ နယ်ချဲ့ တို့ကလည်း မြေပြန့်ဒေသနှင့် တောင်ပေါ်ဒေသတို့ကို ခွဲခြားကာ တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲပြားအောင် နည်းအမျိုးမျိုးဖြင့် သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည။် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ပညာတတ်မျိုးချစ်လူငယ်တို့က ခေါင်းဆောင်ကာ မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီး ဖက်ဆစ် အကူအညီ ရယူ၍ မြန်မာ့မြေပေါ်မှ ကိုလိုနီနယ်ချဲ့တို့ကို မောင်းထုတ်နိုင်ခဲ့ပါသည်။ သို့သော်လည်း ဖက်ဆစ်တို့၏ ရက်စက်ကြမ်းတမ်းစွာ ညှဉ်းပန်း နှိပ်စက်မှုကြောင့် မြန်မာတိုင်းရင်းသား ညီအစ်ကိုများ အားလုံးက ဖက်ဆစ်တို့ကို မြန်မာ့မြေပေါ်မှ တိုက်ထုတ်ခဲ့ရပြန်ပါသည်။
နယ်ချဲ့တို့ ပြန်လည်ဝင်ရောက်လာကြပြီး တောင်ပေါ်ဒေသကို ချန်လှပ်၍ ပြည်မကိုသာ လွတ်လပ်ရေးပေးလိုသည့်အတွက် အမိမြန်မာနိုင်ငံတော်ကြီးကို ချစ်မြတ်နိုးသည့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသား  ညီအစ်ကို ခေါင်းဆောင် များက ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံညီလာခံကို ကျင်းပကာ တိုင်းရင်းသားအားလုံး တညီတညွတ်တည်း လွတ်လပ်ရေး တောင်းဆိုကြမည်ဟု ကတိပြုလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုနေ့ကို အစွဲပြု၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ကျင်းပပြုလုပ်လာခဲ့ရာ ယခုအခါ (၆၆)နှစ် ပြည့်မြောက်ပြီ ဖြစ်ပါသည်။ (၆၆) နှစ်မြောက် ဤနေ့ထူးနေ့မြတ် အချိန်အခါတွင် တိုင်းရင်းသား ညီအစ်ကို မောင်နှမအချင်းချင်း သွေးစည်းညီညွတ်ရေး၊ အမိမြန်မာနိုင်ငံတော်ကြီး ရေရှည် တည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို  အထူးအလေးထားပြီး တိုင်းရင်းသားတို့၏ အသည်းနှလုံးထဲတွင် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ အစဉ်အမြဲ ကိန်းအောင်းနေဖို့ လိုအပ်လှပေသည်။
ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်း ညီအစ်ကိုများ ခင်ဗျား-
လွတ်လပ်ရေးရပြီးနောက် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲတွေကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်း သွေးကွဲခဲ့ကြပါသည်။ ပြည်တွင်း၌ တည်ငြိမ်အေးချမ်းမှု မရရှိခဲ့သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိအောင် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးက လက်တွဲပါဝင် ဆောင်ရွက်သင့်သည်ကို အထူးသတိပြုသင့်ပေသည်။ ပြည်တွင်းပြည်ပ အဖျက်သမားတို့၏အန္တရာယ်ကိုလည်း တိုင်းရင်းသားအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပူးပေါင်း ကာကွယ်တားဆီးဖို့ လိုအပ်လှပေသည်။
ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှု၊ ဖိနှိပ်သွေးစုပ်မှု၊ ပြည်တွင်း တည်ငြိမ်အေးချမ်းရေး ပျက်ပြားမှုစသည့် ခါးသီးသောအတွေ့အကြုံတို့ကို သင်ခန်းစာယူကာ တိုင်းရင်းသား အားလုံးက အမိမြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာပြည်အနှံ့ တိုင်းရင်းသားညီအစ်ကိုတို့ နေထိုင်ရာဒေသ အသီးသီးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေတွင် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန် ဖွံ့ဖြိုးရန်အတွက် နိုင်ငံရေးတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်မှာ အဓိက  လိုအပ်ချက် ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်တွင် နိုင်ငံသားအားလုံး ပါဝင် လာနိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရန် အတွက် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးစားပေးဆောင်ရွက်နေပါသည်။ တိုင်းရင်းသားညီအစ်ကိုများ အားလုံးကလည်း ဝိုင်းဝန်းပါဝင် ကူညီ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားသွေးချင်း ညီအစ်ကိုများ ခင်ဗျား-
အစိုးရသစ်အနေဖြင့် နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရန်အတွက်  နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ နိုင်ငံတော်ကာကွယ်ရေးအင်အား တောင့်တင်းရန် လိုအပ်သည်ဟု ခံယူထားပါသည်။ သို့မှသာ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
ရရှိပြီးဖြစ်သည့် အခြေခံကောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင် ပိုမိုတိုးတက် ကောင်းမွန်အောင် ကြိုးစား အကောင်အထည်ဖော်လျက် ရှိသည်ကို တိုင်းရင်းသား ညီအစ်ကိုများအသိပင် ဖြစ်ပေသည်။
(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယတွင် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း သွေးစည်း ညီညွတ်စွာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးကို ဒီမိုကရေစီ နည်းလမ်း ကျစွာ တည်ဆောက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
ဧရာဝတီ

No comments:

Post a Comment