Saturday 9 February 2013

မြန်မာနိုင်ငံ၏ ပိုက်နက်အတွင်း အိန္ဒိယလက်နက်ကိုင်သူပုန် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိ


မြန်မာနိုင်ငံပိုင်နက်အတွင်း အိန္ဒိယလက်နက်ကိုင် ၁၀ ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်လျက်ရှိကြောင်း မြန်မာ ရဲတပ်ဖွဲ့ စာမျက်နှာ၏ ဖော်ပြချက်အရသိရသည်။

အဆိုပါ အိန္ဒိယသူပုန်အဖွဲ့များမှာ PLA၊ ULFA၊ PREPAK၊ KCP၊ KYKL၊ RPF၊ UNLF၊ Manipur Naga Revolutionary Front(MNRF)၊ The Katampur Liberation Organisation၊ KLO of Assam စသည်အဖွဲ့များဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တမူးမြို့၌ လက်နက်ငယ်မျိုးစုံ ၉၆ လက်၊ ဗုံးသီးမျိုးစုံအလုံး ၆၀၊ နင်းမိုင်း ၂၃ ခု၊ ကျည်မျိုးစုံ ၇၉၀၇ တောင့်၊ ယမ်းတောင့် ၂၅၁ တောင့်၊ ယမ်းကြိုးခွေ ၄ ခွေတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအားပုန်ကန်၍ တမူးမြို့နယ်အတွင်း အခြေချနေထိုင်လျက်ရှိသည့် မဏိပူသူပုန်အဖွဲ့များအနက် The United Peoples’s Party of Kangleipak(UPPK)အဖွဲ့သည် လက်ရှိအချိန်တွင် အိန္ဒိယအစိုးရနှင့် အဆက်အသွယ်ရယူ၍ မြန်မာ-မဏိပူရနယ်စပ်အားဖြတ်ကျော်ကာ မိုရေးမြို့သို့ ပြန်လည်ဝင်ရောက်လာ ခဲ့ပြီဖြစ်ကြောင်း မဇ္ဈိမအင်တာနက်သတင်းတွင် ဖော်ပြပါရှိသည်။

UPPK အဖွဲ့မှ ထိပ်တန်းခေါင်းဆောင်အချို့အပါအဝင် အဖွဲ့ဝင် ၄၅ ဦးပါဝင်သည့်အဖွဲ့သည် မြန်မာ-မဏီပူရ နယ်စပ်အားကျော်ဖြတ်နိုင်ရန် မဏိပူရပြည်နယ်ထောက်ဘား(Thoubal)ခရိုင် ရဲကွန်မန်ဒိုအဖွဲ့က မိုရေးမြို့မှ ကူညီ ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မဏိပူရပြည်နယ်၌ နာဂတော်လှန်ရေးတပ်ဦးနှင့် အာသံ(Katampur)လွတ်မြောက်ရေး အဖွဲ့တို့ တမူးမြို့နယ်ခွဲ လိုင်ဘုတ် (Leipok)အရပ်တွင် စခန်းချနေထိုင်လျက်ရှိကြောင်း သိရသည်။

(Transparency)

No comments:

Post a Comment