မွန်ပြည်နယ်၊ မော်လမြိုင်၊ တက္ကသိုလ် ကျောင်းသူတစ်ဦးထံမှ ရာဘ မူးယစ်စိတ်ကြွဆေးပြား ၅၀ ပြားတိတိကို ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးရမိပြီး မော်လမြိုင်မြို့၊ မုပွန်ရဲစခန်း၌ ထိန်းသိမ်း ထား လျှက် ရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူ အသက် ၁၉ နှစ်ရှိ ရုက္ခဗေဒပထမနှစ် တက်ရောက်နေသည့်
တက္ကသိုလ်ကျောင်းသူ သည် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်၊ လမ်း ၂၀
တွင်နေထိုင်သူဖြစ်ပြီး ဖမ်းဆီးရမိစဉ် ယောကျာ်းလေး အဖော်လူငယ်တစ်ဦးလည်း အတူရှိနေသည်ဟု မော်လမြိုင် မူးယစ်အထူးရဲအရာရှိတစ်ဦးက ပြောသည်။
မုပွန်ရဲစခန်းတာဝန်မှူး ဒု-ရဲအုပ် ဇော်ဝင်းအောင်က “အခုဖမ်းဆီမိတာဟာ မူးယစ်ဆေးဝါးနဲ့အတူ လူကို လည်းဖမ်းဆီးမိတာဖြစ်တယ်၊ ရှေ့ဆက်ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကိုတော့ ပြောလို့မရသေး ဘူး ဒီ အမှုနဲ့ ပတ်သက်ပြီး နောက်ထပ် စုံစမ်းစစ်ဆေးချက်တွေ ဆက်လက်လုပ်ဆောင်နေတယ်”ဟု ပြောသည်။
ထို့နောက် ထပ်မံစစ်ဆေးချက်အရ ၄င်းတို့၏ အဆက်အသွယ်ရှိရာ မုဒုံမြို့တွင် ရာဘမူးယစ်ဆေး ၇၂ ပြား ထပ်မံ ဖမ်းဆီးရရှိခဲ့သည်ဟုလည်း သိရသည်။
အလားတူ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ သထုံခရိုင်ဒေသတွင်လည်း
ရာဘမူးယစ် စိတ်ကြွဆေးပြားရောင်း သူ ၃ ဦးကို လွန်ခဲ့သည့်တနင်္ဂနွေနေ့က
မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးစောင့်ကြည့်ရေး အထူးတပ်ဖွဲ့က
ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပတ်သက်ဆက်နွယ်သူများကို ဆက်လက်ဖေါ်ထုတ်လျှက်ရှိသည်။
မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက “မူးယစ်ဆေးဝါးရောင်းဝယ်သူတွေဟာ လက်နက်ချ အလင်း ဝင်တဲ့အုပ်စုတွေနဲ့
ဆက်နွယ်မှုရှိနေတဲ့သက်သေတွေ ကျနော်တို့လက်ခံရရှိထားတယ်၊ အစိုးရကလည်း
လက်နက်ချအဖွဲ့ဝင်တွေကို မြို့ပေါ်မှာလက်နက်ငယ်တွေကိုင်ဆောင် ခွင့်ပြုထားတာ တွေ့ နေ ရတယ် ” ဟုပြောသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းတွင်လည်း မုဒုံမြို့နယ် တောစပ်တစ်နေရာ၌ လူငယ် (၁၅) ဦးရာဘမူး ယစ်စိတ်ကြွဆေးဝါးသုံးစွဲနေကြစဉ်
ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ရာတွင် လက်နက်ငယ်များကို သိမ်း ဆည်းရမိခဲ့သည်။
၂၀၁၂ ခုနှစ်တွင် မွန်ပြည်နယ်ရှိ လူငယ်များမူးယစ်ဆေးဝါးသုံးစွဲမှု
ပိုမိုများပြားလာနေသည်ဟုလည်း မွန်တိုင်းရင်းသားလွှတ်တော်အမတ်တစ်ဦးက
လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောဆိုသည်။
လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ဓာတ်ပုံ - ၂၀၁၂ ခု၊ ဒီဇင်ဘာလတွင် မွန်ပြည်သစ်ပါတီကဖမ်းဆီးရမိသော
ရာဘစိတ်ကြွမူးယစ်ဆေးပြားများ(NMS

No comments:
Post a Comment