Saturday 3 November 2012

မူစယ် ၁၀၅ မိုင်ဇုန်ရှိ ကုန်ထမ်း အလုပ်သမား ၂၅၀ ကျော် အလုပ်ဖြုတ်ခံရ

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌ ကုန် တင် ကုန်ချ အလုပ်လုပ်နေသော  အလုပ်သမား ၂၅၀ ကျော်ကို သက်ဆိုင်ရာ အလုပ်သမားရုံးမှ လွန်ခဲ့သည့် တစ်ပတ်ခန့်က ရုတ်တရက် အလုပ်ထုတ်လိုက်သဖြင့် အလုပ်သမားမိသားစုဝင်များ စားဝတ်နေရေး အခက်တွေ့နေကြောင်း သိရသည်။ တရုတ် - မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်း ဖြစ်သည့် မူစယ် - မန္တလေးလမ်း၌ တည်ရှိသော ၄င်းကုန်သွယ်ရေးဇုန်အတွင်း၌ ကုန်ထမ်း အလုပ်သမား ၈၀ဝ ကျော်ခန့် ဝင်ရောက် လုပ်ကိုင်နေပြီး အဆိုပါ အလုပ်သမားများအား  ပါမစ် ၊ နေ့စား နှင့် ဖိုက်တာဟူ၍ အတန်းအစား ၃ မျိုးခွဲခြားထားကြောင်း သိရသည်။

ယခုအလုပ်ဖြုတ်ခံရသူများမှာ ဖိုက်တာဟု ခေါ်သော အောက်ခြေသိမ်း အလုပ်သမားအုပ်စု ဖြစ်ပြီး တစ်စုလျှင် လူ ၈ ဦးစီ ပါဝင်သည့် အုပ်စု ၃၂ စု ၊  လူဦးရေအားဖြင့် ၂၅၀ ကျော်ခန့်ရှိကြောင်း အလုပ်ဖြုတ်ခံရသည့် အလုပ်သမား မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“အလုပ်သမားရုံး ဦးစီးတွေက မင်းတို့ မနက်ဖြန် အလုပ်မဆင်းနဲ့တော့ ဖြုတ်တယ်ဆိုပြီးတော့ အဲဒီ အတိုင်းပဲ ပြောတာ ရာသီ သီးနှံတွေ ပဲ ၊ ပြောင်း ၊ ဆန်တွေဝင်နေတာပဲ အလုပ်ကပုံမှန်ရှိတယ် ဘာကြောင့် ဖြုတ်တယ် ဆိုတာ မပြောဘူး သူတို့က ဘာတာဝန်မှမယူတော့ မိသားစုတွေ စားဝတ်နေရေး အတော်ခက်နေကြတယ် တချို့ကလေးတွေက ကျောင်း တက်နေတာ ” ဟု ၄င်းမိသားစုဝင်က ဆိုသည်။

၎င်းအလုပ်ဖြုတ်ခံရသူများအနက်  တချို့ မှာ အလုပ်ရှာရန် တရုတ်နယ်စပ် ကြယ်ဂေါင်နှင့်  မူစယ်ဘက်သို့ ထွက်ခွာလာ သူ များ ရှိသလို တချို့ မှာ နေရပ်ရင်းသို့  ပြန်သူများလည်း ရှိကြောင်း သိရသည်။

အလုပ်ဖြုတ်ခံအလုပ်သမားများ ပါမစ်ရအလုပ်သမားဖြစ်လိုပါက ကျပ်ငွေ ၇ သိန်း ပေးရမည်ဟု အလုပ်ကြပ်များက ပြောဆို သဖြင့် ငွေရှာရန် နေရပ်သို့  ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခင်ကလည်း ကုန်ထမ်းအလုပ်ရရန် အလုပ်သမားတစ်ဦးလျှင် ကျပ်ငါးသောင်းမှ တစ်သိန်းခွဲအထိ အလုပ်သမားခေါင်းဆောင်များထံပေး ကမ်းခဲ့ရကြောင်း သူက ဆိုသည်။

“အလုပ်သမားခေါင်းနဲ့ ကြီးကြတ်ရေးမှူးက  အလုပ်သမား ၂ ယောက်စီ ခန့်ခွင့် ရှိတယ်ဆိုတော့ သူတို့ က ပါမစ်ပြန်ခန့်  ပေးမယ် ပေါ့နော် တစ်ယောက် ရ သိန်းပေးရ မယ်ပေါ့ အဲလိုဆိုတော့ အလုပ်ရဖို့  လယ်ပေါင် အိမ်ပေါင် ငွေတိုးယူဖို့  တချို့ ရွာပြန် သွားကြတယ်” - ဟု ဆိုသည်။

ယခု အလုပ်ဖြုတ်ခံရသည့်အုပ်စုမှာ ညအချိန်မတော် လုပ်ရသည့်အလုပ်များ အခြားသူများ မလုပ်လိုသည့်အလုပ်များကို ပင်ပန်းစွာလုပ်ကိုင်ရသော် လည်း ဝင်ငွေမှာ အနည်းဆုံးရရှိသူများ ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းခွင်တွင် အထက်အလုပ်ကြပ်အဆင့်ဆင့်၏ အကြောင်းအမျိုးမျိုးပြကာ ခေါင်းပုံ ဖြတ်ခြင်းခံရပြီး ၄င်းတို့၏ တစ်ရက် ဝင်ငွေမှာ ကျပ် ၅ ထောင်ခန့်သာ ရရှိပြီး ကြောင်း သူက ဆိုသည် ။

မူစယ် ၁၀၅ မိုင်အလုပ်သမားရုံးတွင် အလုပ်သမားများကြား မကျေနပ်၍ တိုင်တန်းမှုများ မကြခဏ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

ထိုသို့ တိုင်တန်းသည့်အခါ အလုပ်သမားဝန်ကြီးဋ္ဌဌာနမှ တာဝန်ရှိသူများ လာရောက်စစ်ဆေးလေ့ရှိသော်လည်း အလုပ် ကြတ်များနှင့် နီးစပ်သည့် အလုပ်သမားများကိုသာ ရွေးထုတ် စစ်ဆေးခံခိုင်းသဖြင့် အကြောင်းအရင်းအမှန်ကို  လူကြီးပိုင်းမှ သိရှိခြင်း မရှိကြောင်းလည်း ဆိုသည်။

ယခုအခါ အလုပ်ဖြုတ်ခံရသည့် အလုပ်သမားများအကြား မကျေနပ်မှုများဖြစ်ပေါ်နေပြီး ဆန္ဒပြရန်အထိစီစဉ်နေကြောင်း နိုင်တကာအလုပ်သမား အဖွဲ့ အစည်းဖြစ်သည့် ILO အပါအဝင် ပြည်တွင်းနိုင်ငံရေးအင်အားစုများ NGO အဖွဲ့ များ၏ အကူအညီကိုမျှော်
လင့်နေပါကြောင်းလည်း အဆိုပါ အလုပ်သမားအသိုင်းအဝိုင်းက ဆက်ပြောသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment