Saturday 3 November 2012

တရားဥပဒေစိုးမိုးရေးကော်မတီ မန္တလေးတိုင်း တရားရုံးများကို လေ့လာ

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားတဲ့ ပြည်သူ့ လွှတ်တော်တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်နဲ့ အဖွဲ့ဝင် ၇ ဦး ဒီနေ့ မန္တလေးတိုင်း တရားရုံး၊ ခရိုင်တရားရုံးနဲ့ ချမ်းအေးသာဇံမြို့နယ်တရာရုံးတွေကို ရှောင်တခင်သွားရောက်ခဲ့တယ်လို့ အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က   ပြောပါတယ်။


ဥပဒေ ပုဒ်မ ၁ ခုအတွက် ရန်ကုန်မှာ စာနယ်ဇင်းသမား ဦးမြတ်ခိုင် တရားစွဲဆိုတဲ့ အမှုမှာ အာမခံရပြီး မန္တလေးက ကိုအေးသိန်း အာမခံမရတဲ့အတွက်လည်း တရားဥပဒေအရ ညီမျှစွာ မခံစားရတာကို ဒေါက်တာဇော်မြင့်မောင်က အခုလို ပြောပါတယ်။

“ရှေ့နေတွေ၊ သက်သေတွေ၊ အမှုသည်တွေမေးတယ်ပေါ့။ ဥပမာ ဆရာ ဦးသိန်းညွန့်လိုက်တဲ့ ကိုမြတ်ခိုင်ရဲ့ ၅၀၅ နဲ့ စွဲထားတာ အာမခံရတယ်။ မန္တလေးက ဖယောင်းတိုင်ဆန္ဒပြတုန်းက စွဲထားတဲ့ မောင်အေးသိန်းကို ၅၀၅ နဲ့ပဲ အာမခံမပေးဘူး။ ဒါတွေ မေးတယ်၊ ဘာကြောင့် တပြေးညီမဖြစ်တာလဲပေါ့။”

နိုဝင်ဘာ ၁ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ်က တရားလွှတ်တော်တရားသူကြီးချုပ် ၁၄ ဦးနဲ့ ပြည်သူ့လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ၊ သူရဦးအောင်ကို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာကော်မတီက အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့အပြီးမှာ မန္တလေးတိုင်းက တရားရုံးတွေကို ၀င်ရောက်လေ့လာခဲ့ ကြတာလည်း ဖြစ်ပါတယ်။

တရားရုံးတွေကို သွားရောက်လေ့လာတာဖြစ်ပြီး တရားရုံးတွေကို စစ်ဆေးတာ၊ တရားရေးမဏ္ဍိုင်ကို ၀င်ရောက်စွက်ဖက်တာ မဟုတ်ဘူးလို့ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

မန္တလေးတိုင်းတရားရုံးတွေမှာ မြင်တွေခဲ့ရပုံတွေနဲ့ ပတ်သက်ပြီး ဒေါက်တာဇော်မြင့်မောင်က    “အချုပ်ခန်းတွေ ပြင်ပေးဖို့၊ ၁၀ ပေပတ်လည် အချုပ်ခန်းထဲမှာ လူ ၄၀ လောက်ကို ပြွတ်သိပ်ထားတာ၊ လူ့ဂုဏ်သိက္ခာနဲ့ မသင့်လျော်တာလေးတွေကို ပြောခဲ့တယ်။ ဒါတွေက မရှိသင့်တော့ဘူး။ နောက် တရားရုံးခန်းကလည်း အရမ်းကျဉ်းလွန်းတယ်။ တရားလိုနဲ့ တရားခံ ၂ ယောက်လောက်နဲ့တင် ပြည့်နေတာ။ ၀င်နားထောင်ဖို့ နေရာတွေ မရှိဘူး။ ခရိုင်ရုံးကို ကျနော်တို့ ကြည့်ခဲ့တာ။ ပြင်တာကတော့ ဖြည်းဖြည်းချင်း ပြင်ရမှာပဲ။ အဓိက တရားဥပဒေစိုးမိုးဖို့အတွက် ကျနော်တို့ လုံးပန်းနေတာပါ” လို့ ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး တရားရုံးတွေက တရားသူကြီးတွေဟာ အကြောက်တရားတွေ ဆက်ရှိနေဆဲဖြစ်ပြီး တရားဥပဒေမဏ္ဍိုင် တည့်မတ်ဖို့ဆိုရင် အုပ်ချုပ်ရေးမဏ္ဍိုင်လည်း တည့်မတ်ဖို့ လိုတယ်လို့ တရားသူကြီး တဦးက ပြောဆိုကြောင်း ဒေါက်တာဇော်မြင့်မောင် က ပြောပြပါတယ်။

DVB

No comments:

Post a Comment