Saturday 3 November 2012

လေကြောင်းဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား လစာမဲ့ခွင့်ငါးနှစ်ဖြင့် ပုဂ္ဂလိကကုမ္ပဏီများ၌ အလုပ်လုပ်ခွင့်ပေး

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍများ ပါဝင်ဆောင်ရွက်လာပါက   လေကြောင်းပို့ဆောင် ညွှန်ကြားမှုဦးစီးဌာန လက်အောက်ရှိ ၀န်ထမ်းများကို လစာမဲ့ခွင့် ငါးနှစ်ပေးကာ ပုဂ္ဂလိက ကုမ္ပဏီများတွင် လခစားအဖြစ် လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ၂၅-၁၀-၂၀၁၂ ရက်တွင်ပြောကြားသည်။''ကုမ္ပဏီက လစာယူပြီး ငါးနှစ်အလုပ်လုပ်နိုင်တယ်။ ဒါပေမဲ့သူတို့က အစိုးရ၀န်ထမ်းတွေပဲ။ ငါးနှစ်ပြည့်လို့ အစိုးရ၀န်ထမ်း မလုပ်ချင်တော့ဘူး ကုမ္ပဏီဝန်ထမ်းပဲ လုပ်ချင်တယ်ဆိုရင် နုတ်ထွက်ခွင့်ပြုမယ်။ အစိုးရ၀န်ထမ်းပဲ လုပ်ချင်တယ်ဆိုရင် အခြားသက်ဆိုင်တဲ့ လေဆိပ်တွေမှာ ပြောင်းရွှေ့တာဝန် ပေးအပ်သွားပါမယ်''ဟု ယင်းကဆိုသည်။

ဆက်လက်၍ ယင်းက၀န်ထမ်းတွေအတွက် ဘာအခွင့်အလမ်းရှိမလဲဆိုရင် လုပ်သက်ပေါ်မူတည်ပြီး ရာထူးတက်တာ မရှိတော့ဘဲနဲ့ ကုမ္ပဏီမှာသူရဲ့စွမ်းဆောင်မှုအပေါ်မူတည်ပြီး အမှုထမ်းကနေ အရာထမ်းတွေ ဖြစ်လာနိုင်တယ်ဟု ထပ်မံပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ၂၀၀ကျော်ရှိကြောင်း ယင်းလစာမဲ့ခွင့်နှင့် ပြောင်းရွှေ့လုပ်ကိုင်ခွင့်တွင် အကောက်ခွန်ဦးစီးဌာန၊
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှဝန်ထမ်းများ မပါဝင်ကြောင်း သိရသည်။

ပြည်မြန်မာ ဂျာနယ်

No comments:

Post a Comment