ဒီမိုကရေစီစနစ်နဲ့
ပြည်ထောင်စုစနစ်ကို ကျင့်သုံးဖို့
အာဏာရပါတီ နဲ့အဓိကအတိုက် အခံပါတီ တို့နှစ်ဖက် စလုံးကကတိပေးလာတယ့်အခါမှာမြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဘယ်လိုထွန်းကားနိုင်မယ်၊ ပြည်ထောင် စုကြီး
ဘယ်လိုပုံဖော်နိုင်မယ် စသည်စသည် စဉ်းစားဖြစ်ပါတယ်။
စစ်အစိုးရကို အတူတိုက်ကြတုန်းက ဒီမိုသမားနဲ့ ဖက်ဒရယ်သမားတွေက အတူသွားလို့ ရပါတယ်။ ဒါပေ မယ့် နိုင်ငံ တစ်ခုမှာ ဒီမိုရောင်ခြည်သန်းလာပြီဆိုယင် ဒီနှစ်ခုဟာ မတူဘူးဆိုတာ သိလာကြမှာပါ။ မတူပေ မယ့် အာဏာရှင်ဝါဒ မဟုတ်ယင် ဒီမိုကရေစီစနစ်ကို ညှိုယူလို့ ရသလို တပြည်ထောင်ဝါဒ မဟုတ်ယင် လည်း ပြည်ထောင်စုစနစ်ကို ဆွေးနွေးယူလို့ ရတယ်။ ဒီမိုကရေစီစနစ်နဲ့ ပြည်ထောင်စုစနစ်တို့ကိုလည်း အခြေခံအုတ်မြစ် ချပေးလို့ရတယ်။
အစိုးရဖွဲ့ပုံကို မကြည့်နဲ့ဦး။ လွှတ်တော်ဖွဲ့ပုံကို ကြည့်ယင် အောက်လွှတ်တော်ဟာ လူများစုကို ကိုယ်စား မပြုသေးလို့ ဒီမိုကရေစီနည်းမကျသေးပါ။အထက်လွှတ်တော်ဟာ ပြည်နယ်ကိုကိုယ်စားမပြုလို့ ပြည်ထောင် စုစနစ်လည်း မဖြစ်သေးပါ။ ဒါကြောင့် အကြီးစားခွဲစိတ်မှုတစ်ခု လိုအပ်တယ်လို့ ခဏခဏပြောရပါတယ်။ တပ်(၂၅)ရာခိုင်နှုန်းကလည်း တမှောင့်ဆိုတော့ သွေးကြောထဲက Bad Cholesterol လို ဒီမိုကရေစီ စနစ်နဲ့ပြည်ထောင်စုစနစ်အတွက် အဟန့်အတား ဖြစ်နေဦးမှာပဲ။
ဒီတော့ စစ်အစိုးရလက်အောက်မှာ နှစ်ပေါင်း(၅၀)လောက် နေခဲ့ကြတော့ ဒီမိုကရေစီစနစ် နဲ့ ပြည်ထောင် စုစနစ်ကိုသံသယတွေနဲ့ ကြိုနေကြမှာပါ။ လူများစုက ဒီမိုကရေစီစနစ်ကို ကြည်ဖြူနိုင်ကြပါလိမ့်မယ်။ လူနည်း စုတွေ က ပြည်ထောင်စုစနစ်ကို တောင့်တနေကြပါလိမ့်မယ်။ အမှန်မတော့ ဒီနှစ်ခုဟာ အပြန်အလှန် အမှီသဟဲပြုနေကြပါတယ်။ ဒီမိုကရေစီစနစ် မရှိယင် ပြည်ထောင်စုစနစ်က မရှင်သန်နိုင် သလို ပြည်ထောင်စုစနစ် မရှိဘဲနဲ့လည်း လူမျိုးစုတွေရဲ့ အခွင့်အရေးကို မကာကွယ်ပေးနိုင်ပါဘူး။
ဒီမိုကရေစီစနစ် ထွန်းကားဖို့ အောက်လွှတ်တော်မှာ ပြည်သူ့ကိုယ်စားလှယ်တွေပဲ ရှိနေရ မှာဖြစ် တယ်။ ပြည်ထောင်စုစနစ် အနှစ်သာရရှိဖို့ အထက်လွှတ်တော်မှာ ပြည်နယ်ကိုယ်စားလှယ်တွေပဲ ရှိသင့် တယ်။ ဒီတော့ စစ်တပ်ကလည်း နောက်မဆုတ်ချင်ပေမယ့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးချင်သေးတယ်၊ ဗမာပြည်နယ်လည်း ဖွဲ့စည်းမပေးချင်ပေမယ့် ပြည်ထောင်စုစနစ်ကိုလည်း ကျင့်သုံးချင်သေးတယ်ဆိုယင် ဘယ်လိုလုပ်ရမလဲ။
၁။ လွှတ်တော်နှစ်ရပ်ရှိ တပ်ကိုယ်စားလှယ်တွေကို ဝင်ရောက်ဆွေးနွေးခွင့်ပဲ ပေးပြီး မဲပေးခွင့်မပြုရေး။
၂။ အောက်လွှတ်တော်မှာ ပြည်သူတွေကို ကိုယ်စားပြုတယ့် ကိုယ်စားလှယ်များသာ ဥပဒေပြုရေး။
၃။ အထက်လွှတ်တော်မှာ ဗမာအပါအဝင်လူမျိုးတွေကို ကိုယ်စားပြုတယ့် ဦးရေတူကိုယ်စာလှယ်များသာ ထားရှိရေး။
၎။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်၊ တိုင်းအစိုးရတို့ကြားမှာ ညီညီမျှမျှ အာဏာခွဲဝေရေး။
ဒီအချက်တွေကို ပြင်နိုင်ယင် အများကြီး ကောင်းသွားတယ်။ ဒီလိုသွားယင် အောက်လွှတ်တော်မှာ သိပ်ပြင် စရာမ လိုဘူး။ အထက်လွှတ်တော်ကို ပြင်ဖို့ လူဦးရေသတ်မှတ်နိုင်ရမှာဖြစ်လို့ သန်ခေါင်း စာရင်းကောက် ယူပြီးမှပဲ ပြင်နိုင်မှာဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ ဦးရေတူ လူမျိုးကိုယ်စားလှယ်တွေ ကို စေလွှတ်ရလို့ပါပဲ။ ဒီနေရာမှာ ဘာကြောင့် ပြည်နယ်ကိုယ်စားလှယ်တွေကို မထားဘဲ လူမျိုးကိုယ်စားလှယ်တွေကို ထားရသလဲ ဆိုယင် တိုင်းဒေသကြီး(၇)တိုင်းကြောင့်ဖြစ်တယ်။ ပြည်နယ်နဲ့တိုင်းကိုယ်စားလှယ်တွေက အရေအတွက် ညီမျှတယ့် ကိုယ်စားလှယ်တွေကို စေလွှတ်နိုင်မယ်ဆိုယင် အထက်လွှတ်တော်ဟာ တန်းတူရေးမရှိတော့ လို့ဖြစ်တယ်။
ဒါက အောက်ထစ်ဆုံး ပြုပြင်ရမယ့်အချက်တွေပါ။ ဒါလေးတွေကို ပြင်နိုင်ပြီဆိုယင် ဒီမိုကရေစီ စနစ် ထွန်းကားဖို့၊ ပြည်ထောင်စုစနစ် ဖြစ်ထွန်းဖို့ လမ်းပွင့်သွားပြီ။ ဒါလေးတွေကို သဘောတူညီချက် ရပြီဆိုယင် လက်ရှိတပ်မတော်ကို ပြည်ထောင်စုတပ်မတော်အဖြစ် ပြင်ဆင်ဖွဲ့စည်းပေးလိုက်ယင် မြန်မာနိုင်ငံဟာ ပြည်ထောင်
စုဒီမိုကရက်တစ်သမ္မတမြန်မာနိုင်ငံ ဖြစ်နိုင်ပါပြီ။
ref:FB

No comments:
Post a Comment